DVB Logo
Home
Lead Story
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက် ၄၃ ချက်ပြင်ရေး လွှတ်တော်တွင် အဆိုတင်
DVB
·
November 6, 2026
Photo: ပြည်ထောင်စုလွှတ်တော်
Photo: ပြည်ထောင်စုလွှတ်တော်
Donate to DVB

နိုဝင်ဘာ ၅ ရက်က ပြုလုပ်တဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက် ၄၃ ချက်ပြင်ရေး အဆိုတင်သွင်းလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး အမှတ် ၇ လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်ကို ပြင်ဆင်နိုင်ဖို့နဲ့ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁၊ ၂၊ ၃ ပါ အချက်တွေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ရေးနဲ့ ဥပဒေကြမ်းပြုစုရေး ပူးပေါင်းကော်မတီတရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀(င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁၊ ၂၊ ၃ ပါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ရေးဆိုင်ရာအချက်တွေ၊ EAO တွေနဲ့ ညှိနှိုင်းရရှိထားတဲ့ အချက် ၂၁ ချက် အပါအဝင် နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ ညှိနှိုင်းရရှိထားတဲ့ ပြင်ဆင် ဖြည့်စွက်သင့်တဲ့ အချက် ၄၃ ချက်ကို လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ အဆိုတင်သွင်းရတာလို့ အဆိုရှင် ဦးဇင်မင်းထက်က ပြောပါတယ်။

စစ်အာဏာရှင်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ဇူလိုင် ၁ ရက်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြင်ဆင်၊ ဖြည့်စွက်သင့်တဲ့ အချက် ၄၃ ချက်ကို ဥပဒေပြုဖို့ သဝဏ်လွှာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုင်ရာ အခန်းစနစ် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ရဲ့ ပြဋ္ဌာန်းချက်တွေအရ ပြင်ဆင်တဲ့အဆင့် မဟုတ်သေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လေ့လာသုံးသပ် အကောင်အထည်ဖော်နိုင်မဲ့ ယန္တရားတရပ် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သွားဖို့ လိုအပ်နေတဲ့အတွက်ကြောင့် ဒီအဆိုကို တင်သွင်းရတာလို့ ဦးဇင်မင်းထက်က ပြောပါတယ်။

ဒီအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

ပုဒ်မ ၄၃၆(က) အရ ပြင်ဆင်ရမဲ့ ပုဒ်မတွေမှာ ပုဒ်မ ၄၊ ပုဒ်မ ၅၊ ပုဒ်မ ၈၊ ပုဒ်မ ၁၁(က)၊ ပုဒ်မ ၁၉(က)၊ ပုဒ်မ ၂၀(က)၊ ပုဒ်မ ၂၂(ဃ)၊ ပုဒ်မ ၂၃(ဂ)၊ ပုဒ်မ ၂၇၊ ပုဒ်မ ၃၀၊ ပုဒ်မ ၅၃(က)၊ ပုဒ်မ ၅၉(ဂ)၊ ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၁၀၆(က)၊ ပုဒ်မ ၁ဝ၆(ခ)၊ ပုဒ်မ ၂၄၈(ဂ) တို့ဖြစ်ပြီး စုစုပေါင်း အခန်း ၅ ခန်း၊ ပုဒ်မ ၁၄ ခု၊ အချက် ၁၆ ချက်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၄၃၆(ခ) အရ ပြင်ဆင်ရမဲ့ပုဒ်မတွေမှာ ပုဒ်မ ၆၄၊ ပုဒ်မ ၁၃၄(က)၊ ပုဒ်မ ၁၃၄(ခ)၊ ပုဒ်မ ၁၈၈(က)၊ ပုဒ်မ ၂၃၂(က)၊ ပုဒ်မ ၂၃၅(ခ)၊ ပုဒ်မ ၂၃၉(က)၊ ပုဒ်မ ၂၄၄(က)၊ ပုဒ်မ ၂၄၅(ခ)၊ ပုဒ်မ ၂၅၀၊ ပုဒ်မ ၂၆၁(က)(၅)၊ ပုဒ်မ ၂၆၁(က)(၆)၊ ပုဒ်မ ၂၈၆(က)(၂)၊ ပုဒ်မ ၂၈၈(က)၊ ပုဒ်မ ၂၈၈(ခ)၊ ပုဒ်မ ၃၂၂(ခ)၊ ပုဒ်မ ၃၂၂(ဇ)၊ ပုဒ်မ ၃၃၁၊ ပုဒ်မ ၃၃၅၊ ပုဒ်မ ၃၄၂၊ ပုဒ်မ ၃၇၃၊ ပုဒ်မ ၄ဝ၁ (က)၊ ပုဒ်မ ၄၀၂၊ ပုဒ်မ ၄၀၃၊ ပုဒ်မ ၄၀၃(က)၊ ဇယား-၁ နိုင်ငံခြားရေးကဏ္ဍ အပိုဒ်(ဇ)၊ ဇယား-၁ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍ အပိုဒ်(ည)တို့ဖြစ်ပြီး စုစုပေါင်း အခန်း ၇ ခန်း၊ ပုဒ်မ ၂ဝ ခု၊ ဇယား ၁ ခု၊ အချက် ၂၇ ချက်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013