DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားတိုင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခ ဘတ် ၃၀၀၀ စီ မဖြစ်မနေပေးရမည် 
DVB
·
January 11, 2021
ရွှေ့ပြောင်းလုပ်သားတိုင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခ ဘတ် ၃၀၀၀ စီ မဖြစ်မနေပေးရမည် 
Donate to DVB

လတ်တလော ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား‌တွေအနေနဲ့  အလုပ်သမားကတ် သက်တမ်းတိုးရမယ့်သူတွေရော  သက်သေအထောက်အထားအသစ် လုပ်ရမယ့်သူတွေပါ ကျန်းမာ ရေး စစ်ဆေးရာမှာ ပုံမှန်ကျန်းမာရေးစစ်ဆေးခ၊ ကျန်းမာရေးအာမခံခတွေပါအပြင် ကိုဗစ်-၁၉ ကင်းစင်ကြောင်းပါ အခကြေးငွေပေးပြီး စစ်ဆေးရမှာဖြစ်လို့ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေ အခက်အခဲတွေ့နေရပါတယ်။ 

အထောက်အထားရှိ အလုပ်သမားတစ်ယောက်ဟာ ခါတိုင်းအလုပ်သမားမှတ်ပုံတင် သက်တမ်းတိုးတဲ့ ကုန်ကျငွေထက် ကိုဗစ်-၁၉ စစ်ဆေးခ ဘတ် ၃၀၀၀ ပါထပ်ကုန်ရပြီး ဘာ အထောက်အထားမှ မရှိတဲ့သူတွေကို မှတ်ပုံတင်ခွင့်ပြုတာ ကျေးဇူးတင်ရပေမယ့် ကုန်ကျစရိတ် အလွန်များတဲ့အတွက် ငွေကြေးအခက်အခဲ ဝန်ပိနေတယ်လို့ မဟာချိုင်အခြေစိုက်  MWRN ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့မှ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ 

“လက်ရှိအနေအထားမှာ နေရပ်မပြန်နိုင်လို့ ထိုင်းမှာဆက်ပြီးနေထိုင်ခွင့်ပြတာ ဖြေလျော့ပေးတာကို ကျေးဇူးတင်ရပေမယ့် ကုန်ကျစရိတ်က ၉၀၀၀ ကျော်ဆိုတော့ တဘက်ကအထောက်အထား မရှိလို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေက ဒီငွေတွေကို ဘယ်ကသွားယူမလဲ၊ အဆမ တန်တဲ့ငွေတိုးပေးပြီး ချေးငှားရမယ်၊ အခက်အခဲပိုဖြစ်မယ်၊ ပြီးရင် အွန်လိုင်းစနစ်နဲ့ လျှောက်ထား ရမှာဆိုတော့ ကျနော်တို့မြန်မာအလုပ်သမား အများစုက အွန်လိုင်းကိုကောင်း ကောင်းမသုံး တတ်ကြဘူး။ အဲဒါတွေအကြောင်းပြုပြီးကိုယ်တိုင်မလုပ်တတ် မသွားတတ်မလာတတ်ရင် ပွဲစားကို အားကိုးရင် ဝန်ဆောင်ခက ထပ်ကုန်ပြန်တယ်။ အဲဒါကြောင့် ဝမ်းသာကြိုဆိုစရာ သတင်းကောင်းနောက်မှာ အခက်အခဲတနင့်တပိုးထပ်ဖြစ်ရပြန်တာပေါ့ခင်ဗျာ ”

အထောက်အထားရှိအလုပ်သမားတွေဟာ ခါတိုင်းကျန်းမာရေးအာမခံဝယ်ယူခ ၂ နှစ်စာ ဘတ် ၃၂၀၀ ကုန်ကျပြီး ဒီနှစ်ထဲ ကိုဗစ်-၁၉ စစ်ဆေးခ ဘတ် ၃၀၀၀ နဲ့ ဆေးထောက်ခံစာခ ဘတ် ၅၀၀ ထပ်ပေးရမှာ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွါးနေတဲ့ ဒေသမှာဆိုရင်တော့ တာဝန်ရှိသူတွေက စက်ရုံအလုပ်ရုံတွေမှာ အခမဲ့လိုက်စစ်ပေးတဲ့အတွက် အနည်းငယ်သက်သာရာ ရပါတယ်။ 

အထောက်အထားမရှိဘဲ ပန်းရောင်ကတ် အသစ်လုပ်မယ်ဆိုရင်တော့ ကိုဗစ်-၁၉ စစ်ခ ဘတ် ၃၀၀၀၊ အခြားရောဂါ ၆ မျိုးစစ်ခ ဘတ် ၁၀၀၀ ၊ ၂ နှစ်စာကျန်းမာရေးအာမခံခ ဘတ် ၃၂၀၀ အလုပ်သမားကတ် ဘတ် ၁၉၀၀ ပန်းရောင်သက်သေခံကတ်ပြား လုပ်ခ ဘတ် ၈၀ နဲ့ စုစုပေါင်း ၉၁၈၀ ကုန်ကျမှာဖြစ်ပြီး ဗီဇာကြေးနဲ့ ပွဲစားခ၊ အလုပ်ရှင်မရှိသူတွေအတွက် အလုပ်ရှင်ငှားခတွေ မပါ သေးပါဘူး။ 

ဒါကြောင့် အလုပ်သမားတွေရဲ့ အခက်အခဲကို စာနာငဲ့ညာပြီး မြန်မာအစိုးရ တာဝန်ရှိသူ တွေအနေနဲ့ ထိုင်းဘက်က တာဝန်ရှိသူတွေကို ဆေးစစ်ခတွေ လျော့ပေါ့ပေးဖို့ ညှိနှိုင်းပေးစေလို တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။  

ချင်းမိုင်က သန့်ရှင်းရေးအလုပ်သမတစ်ယောက်ဖြစ်တဲ့ နန်းအုန်းမေကလည်း ကိုဗစ်-၁၉ ကာလမှာ ရှမ်းပြည်က မိသားစုတွေဝင်လည်း အလုပ်အကိုင်မကောင်းလို့ ငွေကိုခါတိုင်းထက်ပိုပြီး ပို့ပေးနေရကြောင်း၊ အခုလည်း အလုပ်သမားကတ် သက်တမ်းထပ်တိုးရမယ်ဆိုတော့ ငွေက ကျပ်တည်းတာထက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF မှ တာဝန်ခံ စိုင်းပိုင်းကလည်း ထိုင်း အစိုးရအနေနဲ့ လျော့ပေါ့ဖြေလျော့ပေးဖို့ ကန်ပိန်း ဆောင်ရွက်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“အခုကိုဗစ်ကာလမှာ အလုပ်အကိုင်က ခက်ခဲတဲ့အထဲ ကျန်းမာရေးစစ်ခတွေက ပိုများလာတော့ ပိုဆိုးတာပေါ့နော်။ အမှန်က အလုပ်သမားတွေက ကျန်းမာရေးအာမခံခ သွင်းထားတယ် ဆိုရင်  ကိုဗစ်-၁၉ စစ်ခပါ အဲဒီထဲအကျုံးဝင်သင့်တယ်။ အခုကသပ်သပ်ထပ်ပေးရတော့ နာတာပေါ့။ ဒါကြောင့် ချင်းမိုင်ခရိုင်ဝန်ဆီမှာ သွားတောင်းဆိုဖို့ ဆန္ဒပြုအလုပ်သမားတွေရဲ့ အင်အားတွေကို စုစည်းနေပါတယ်။ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ သွားတောင်းဆိုပေးဖို့ မဖြစ်နိုင်ဘူး။ ကာယကံရှင် အလုပ်သမားတွေကိုယ်တိုင်က တောင်းဆိုမှဖြစ်မယ်လေ၊  သွားတောင်းဆိုရင်လည်း လူအင်အား နည်းနည်းလောက်နဲ့ မလေးနက်ဘူး၊ အနည်းဆုံး ၅၀၀၀ လောက်ရှိမှ အားရှိမှာဖြစ်တယ်။”

ဒါကြောင့် တတ်နိုင်တဲ့အလုပ်သမားတွေလည်း မတတ်နိုင်တဲ့ ဘဝတူအလုပ်သမားတွေကို ငဲ့ညှာပြီး ပူးပေါင်းပါဝင်အင်အားဖြည့်စေလိုကြောင်း၊ ဒါကြောင့် HRDF အဖွဲ့အစည်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ https://www.facebook.com/HRDFThailand/posts/4339178539450274  လာရောက် အကြံပြု ဆန္ဒပြု ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း စိုင်းပိန်းက ပြောပါတယ်။ 

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ၃ သန်း လောက်ဝင်ရောက်လုပ်ကိုင်နေပြီး ကိုဗစ်-၁၉ ကာလမှာတော့ တစ်သိန်းကျော်လောက် နေရပ် ပြန်သွားကြတယ်လို့  အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013