Homeမြန်မာသတင်း၂၀၂၀ ပြည့်နှစ်အတွင်း မကွေးတိုင်း၌ အမှုပေါင်း ၅၂၅၀ ဖြစ်ပွား၊ အမှုကြီး ၁၉၇ မှုပါဝင်
၂၀၂၀ ပြည့်နှစ်အတွင်း မကွေးတိုင်း၌ အမှုပေါင်း ၅၂၅၀ ဖြစ်ပွား၊ အမှုကြီး ၁၉၇ မှုပါဝင်
မကွေးတိုင်းမှာ ပြီးခဲတဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း အမှုပေါင်း ၅,၂၅၀ ဖြစ်ပွားခဲ့ပြီး အမှုကြီးက ၁၉၇ မှုပါဝင်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အမှုကြီးဖြစ်ပွားမှုအနေနဲ့ မကွေးခရိုင်မှာ ၇၁ မှု၊ မင်းဘူးခရိုင်မှာ ၄၂ မှု၊ သရက်ခရိုင်မှာ ၄၀ မှု၊ပခုက္ကူခရိုင်မှာ ၃၅ မှုနဲ့ ဂန့်ဂေါခရိုင်မှာ ၉ မှုဖြစ်ပွားခဲ့ပြီး လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှု အများဆုံးဖြစ်ပွားခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ထိန်ဝင်းက ပြောပါတယ်။
လူသတ်မှု ၁၀၃ မှုထိဖြစ်ပွားခဲ့ကာ ဒေါသအလျောက် သည်းခံနိုင်စိတ်မရှိလို့ ဖြစ်ပွားတာဖြစ်ပြီး မြို့ပေါ်တွေမှာထက် ကျေးရွာတွေမှာ ဖြစ်ပွားနှုန်း ပိုများတယ်လို့ ဆိုပါတယ်။
အဓမ္မပြုကျင့်မှုကတော့ ၈၇ မှုဖြစ်ပွားခဲ့ကာ ဗဟုသုတနည်းပါးတဲ့အတွက် အသက် ၁၆ နှစ်မပြည့်တဲ့ ကလေးတွေ ရည်းစားထား ခိုးရာလိုက်ရာကနေ မိဘသဘောမတူလို အဓမ္မပြုကျင့်မှုဖြစ်ပွားနှုန်း များပြားပြီးတော့ အသက်ပြည့်လို့ ကျူးလွန်တဲ့ အမှုကတော့ ရာခိုင်နှုန်း နည်းပါးတယ်လို့ ဒုတိယရဲမှူးကြီးကပြောပါတယ်။
အခြားအမှုအနေနဲ့ ၅၀၅၃ မှုဖြစ်ပွားခဲ့ပြီးတော့ ယာဥ်တိုက်မှုကြောင့် နာကျင်စေမှု အများဆုံးဖြစ်ပွားကာ အဲဒီလိုဖြစ်ပွားရတာဟာ ယာဥ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာမှု အားနည်းတာကြောင့်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်က လူသတ်မှု ၉၄ မှုနဲ့ အဓမ္မပြုကျင့်မှု ၁၀၈ မှုဖြစ်ပွားခဲ့ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ လူသတ်မှု ၁၀၃ မှုနဲ့ အဓမ္မပြုကျင်မှု ၈၇ မှုဖြစ်ပွားတာကြောင့် လူသတ်မှု တိုးလာပြီး အဓမ္မပြုကျင့်မှု လျော့နည်းလာတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ မှုခင်းတွေကျဆင်းလာအောင် အသိပညာပေးတာတွေ၊ ညဥ့်ဦးညဥ့်နက် လှည့်ကင်းတွေလုပ်ဆောင်ပေးပြီး ထိရောက်တဲ့ကြိုတင်ကာကွယ်တာတွေ၊ အရေးယူတာတွေ လုပ်ဆောင်ပေးနေတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မင်းထီး