DVB Logo
Home
မြန်မာသတင်း
စားသောက်ကုန် ဈေးတက်သဖြင့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ ချွေတာနေရ
DVB
·
March 25, 2026
Photo: DVB
Photo: DVB
Donate to DVB

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာတွေ သိန်းချီရှိတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေပြီး အခြေခံစားသောက်ကုန်ဈေးတွေ တဖြည်းဖြည်း တက်လာလို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စားဝတ်နေရေးအတွက် ချွေတာနေရတယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကြောင့် စွမ်းအင်စရိတ်တွေ မြင့်တက်ပြီး ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက် ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေချိန်မှာ မြန်မာရွှေ့ပြောင်း သိန်းနဲ့ချီရှိနေတဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း အခြေခံကုန်ဈေးနှုန်း မြင့်တက်လာတဲ့ဒဏ်ကို ခံနေရပြီလို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက DVB ကို ပြောပါတယ်။

ထိုင်းအစိုးရက ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ထားတယ်လို့ ဆိုပေမဲ့ လက်တွေ့ ဈေးကွက်ထဲမှာတော့ ကြက်ဥ၊ ဝက်သားနဲ့ ကြက်သားဈေးတွေဟာ မတ်လအစပိုင်းကတည်းက တရိပ်ရိပ် တက်လာနေပါတယ်။

စွမ်းအင်စရိတ် မြင့်တက်မှုဟာ ချင်းမိုင်မှာရှိတဲ့ မြန်မာလုပ်သားတွေရဲ့ တနေ့တာအသုံးစရိတ်ကို တိုက်ရိုက် ထိခိုက်စေခဲ့ပါတယ်။

ချင်းမိုင်မှာတော့ ကုန်ဈေးနှုန်းတက်လာတာတွေရဲ့ အကျိုးဆက်အနေနဲ့ တရက်လုပ်အားခ ဘတ် ၂၅၀ နဲ့ ၃၅၀ ကြား ရနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပုံမှန်ထက် တရက်စာ အသုံးစရိတ် ချွေတာနေရတဲ့အပြင် အလုပ်ရှင်တွေရဲ့ လုပ်အားလျှော့ချမှုတွေကိုလည်း စိုးရိမ်ပူပန်နေရတယ်လို့ စားသောက်ဆိုင်တဆိုင်မှာ လုပ်နေတဲ့ မြန်မာလုပ်သားတယောက်က ဆိုပါတယ်။

“လက်ရှိက ထိုင်းမှာ တချို့ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်း စပြီးတက်နေပြီ။ အရင်လို ရရစားစားတော့ နေလို့မရတော့ဘူး။ မလိုအပ်တာတွေ မသုံးဖို့ ဒီကာလက ခန့်မှန်းလို့မရဘူးလေ။ လက်ရှိအခြေအနေထက် ပိုဆိုးသွားခဲ့ရင်ဆိုတဲ့ အခြေအနေကြောင့် ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ ဝင်ငွေပေါ်မှာတော့ စိုးရိမ်ပူပန်မှု ရှိနေတာတော့ အမှန်ပဲ။ အခုအခြေအနေထက် ပိုဆိုးတဲ့ အခြေအနေမျိုးနဲ့ ကြုံရရင်တော့ ကျနော်တို့ရဲ့ အလုပ်အကိုင်တွေပေါ်မှာ ထိခိုက်လာနိုင်တာတွေ ဖြစ်လာနိုင်တယ်။”

လက်ရှိ ထိုင်းမှာ စက်ရုံအလုပ်သမားတွေ အများစုရှိနေတဲ့ ထိုင်းနိုင်ငံ အရှေ့ပိုင်းက ရရောင်း၊ ချောင်ဘူရီခရိုင်နဲ့ ခရိုင်တချို့မှာ အလုပ်ရှင်တွေက စွမ်းအင်အကျပ်အတည်း ပြဿနာကို ဖြေရှင်းဖို့အတွက် အလုပ်သမား ယာယီလျှော့ချတဲ့နည်းတွေ သုံးလာတာကို တွေ့နေရတယ်လို့ အလုပ်သမားအဖွဲ့အစည်း ကူညီနေသူတွေက ဆိုပါတယ်။

ချင်းမိုင်မှာတော့ စားသောက်ဆိုင်၊ ဟိုတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား ရှိနေတာပါ။

လက်ရှိအကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးအလုပ်သမားတယောက်က “ကျနော်တို့ရတဲ့ ဝင်ငွေနဲ့ ထွက်ငွေက မညီမျှတော့ဘူး။ ကျနော်တို့ဝင်ငွေက ၁၀၀ ရတယ်ဆိုရင် ထွက်ငွေက ၁၅၀ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ပုံမှန်ချက်စားဖို့ကလည်း မလွယ်နေဘူး။ အဲဒါကြောင့် တခါတလေ ရက်တွေမှာဆိုရင် ကြက်ဥကြော်နဲ့ စားလိုက်ရတာမျိုးတွေ၊ ခေါက်ဆွဲပြုတ်ပဲ စားလိုက်ရတာမျိုးတွေ ရှိတာပေါ့။ အလုပ်သွား အလုပ်ပြန်ကအစ မလွယ်ကူတော့ဘူး။ ဆိုင်ကယ်ဆီက လိုချင်တိုင်းလည်း မရဘူး။ ဝယ်ချင်တဲ့ဆိုင်မှာလည်း ဝယ်လို့မရတော့ဘူး” လို့ ပြောပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပါက နေထိုင်စရိတ်၊ စားစရိတ်တွေမှာ ပိုကျပ်တည်းလာမှာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာရှိနေတဲ့ မိသားစုတွေဆီ ငွေပြန်ပို့ဖို့တောင် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ဆိုပါတယ်။

မောရစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013