DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် နှစ်ရက်အတွင်း မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော် ကိုဗစ်ကူးစက်ခံရ
DVB
·
January 5, 2021
ထိုင်းတွင် နှစ်ရက်အတွင်း မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော် ကိုဗစ်ကူးစက်ခံရ
1 / 6
Donate to DVB

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း ကိုဗစ် ၁၉ ကူးစက်ခံထားရသူ ဦးရေနဲ့ နယ်မြေတွေ ရာဂဏန်း တိုးပွားနေပြီး အဲဒီထဲမှာ မြန်မာအများစုပါဝင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေက အများဆုံး ဖြစ်နေပါတယ်။ 

ဇန်နဝါရီ ၄ ရက်က ထိုင်းနိုင်ငံရဲ့ ပိုးတွေ့လူနာသစ် ၇၄၅ ဦးမှာ ရွှေ့ပြောင်းလုပ်သား ၅၇၇ ဦး ပါဝင်ပြီး ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာတော့ ပိုးတွေ့လူနာသစ် ၅၂၇ ဦးအနက် ရွှေ့ပြောင်းလုပ်သားက ၄၃၉ ဦးပါဝင်တာမို့ ကူးစက်ခံရသူ ၇၅ ရာခိုင်နှုန်းကျော်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ 

ထိုင်းမှာ ဒီကနေ့ထိ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၄၇၆ ဦး ရှိသွားပြီဖြစ်ပြီး အများစုဟာလည်း စမွတ်စာခွန်ခရိုင်က မြန်မာအလုပ်သမားတွေ ဖြစ်နေ ပါတယ်။ 

အခုလို အလုပ်သမားတွေကြား ပိုးတွေ့သူအမြောက်အမြားတွေ့ရတာဟာ သက်ဆိုင်ရာ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက စက်ရုံအလုပ်ရုံထိ သွားရောက်ပြီး ထိထိရောက်ရောက်စစ်ဆေး တာကြောင့်ဖြစ်တယ်လို့ ထိုင်းအမျိုးသား ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ကွပ်ကဲရေးဗဟိုဌာန ပြောခွင့်ရ ဒေါက်တာထဝီးဆင် ဝိစနုယိုးထင်းက ပြောပါတယ်။ 

မဟာချိုင် ဗဟိုပုစွန်ဈေးနားမှာ ပိုးတွေ့လူနာကို သာမန်လူတွေနဲ့ ရောနှောထားခဲ့တာကြောင့် အခုလို အမြောက်အမြား ကူးစက်မှုဖြစ်ရတာလို့ မဟာချိုင်အခြေစိုက် AAC မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ် ။ 

“တခြားနေရာမှာတော့မသိဘူး။ ဒီမဟာချိုင် တလတ်ကုန့်ပုစွန်ဈေးနားမှာဆိုရင် လော့ဒေါင်း ချထားတဲ့ နေရာကလူတွေကို ထပ်စစ်တာ မနေ့က ၂၀၀ ကျော်ပိုးတွေ့တယ်။ ဒီမှာက စုစုပေါင်း ၇၀၀ လောက်ရှိမယ်လို့ တာဝန်ရှိသူတွေက ပြောတယ်တဲ့ခင်ဗျ။ အဲဒီထဲမှာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က စစ်ထားခဲ့တဲ့လူတွေလည်းပါတယ်။ ပိုးကူးစက်ခံရသူရှိတယ်လို့ ပြောပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။ သပ်သပ်လည်း ခွဲမထားဘူး၊ မနေ့တနေ့ကမှ ယာယီရွက်ဖျင်တဲဆေးရုံကို ခွဲပြီးခေါ်သွားတာ။ ခေါ်သွားပြီးမှ ညနေကျတော့  ကလေးအမေတွေ၊ ဗိုက်ကြီးသည်တွေ မိန်းကလေး တချို့ပါတဲ့ အယောက် ၂၀ လောက်ကို ပြန်လာပို့တယ်။ ကလေးတွေနဲ့မို့ ရွက်ဖျင်တဲဆေးရုံမှာထားဖို့ အဆင်မပြေသေးဘူးတဲ့။ ဆိုလိုတာက ပိုးတွေ့တဲ့သူတွေရော မတွေ့တဲ့လူတွေကော ရောနှောထားတော့ စိတ်မသက်မသာဖြစ်ရတာပေါ့နော်။ အဲဒီကိစ္စကို အလုပ်သမားတွေက မကျေနပ်လို့ မနေ့က သက်ဆိုင်ရာကို ပြောခဲ့ကြတယ်။  ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျနော်တို့ရွှေ့ပြောင်း အလုပ်သမားတွေပေါ် ထိုင်းတာဝန်ရှိသူတွေ စီမံဆောင်ရွက်ပေးနေတာ ကျေနပ်အားရစရာမရှိဘူးလို့ပဲ မြင်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားသံအရာရှိတွေကတော့ ယမန်နေ့ညနေပိုင်းက မဟာချိုင် ပုစွန်ဈေးမှာ အသွားအလာကန့်သတ်ခံထားရတဲ့ အလုပ်သမားတွေထဲက ယာယီဆေးရုံကို ပို့ဆောင်မယ့် အလုပ်သမားတွေကို လိုအပ်တာတွေ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ စမွတ်စာခွန်ခရီုင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့  အလုပ်သမားသံအရာရှိလူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ ကိုဗစ်-၁၉ ကူးစက်သူ အမြောက်အမြား တွေ့ရှိတာဟာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကြောင့်လို့ ထိုင်းအစိုးရက ပြောဆိုထားပြီး ရွှေ့ပြောင်း အလုပ်သမားတွေကို ခရီးသွားလာခွင့် ရွှေ့လျားခွင့်တွေ ပိတ်ပင်ထားသလို ရထား၊ အဝေး ပြေးကား စီးနင်းခွင့်တွေလည်း ပိတ်ပင်ထားပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေကတော့ လူနာသစ် ၅၂၇ ဦးရှိ တာကြောင့် တစ်နှစ်နီးပါးအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၈၉၆၆ ဦးရှိကာ ၄၃၇၉ ဦးမှာ သက်သာပျောက်ကင်းပြီး သေဆုံးသူ ၆၅ ဦးရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013