
စစ်အာဏာရှင်လက်အောက်ခံ အခြေခံပညာ စာသင်ကျောင်းတွေမှာ မေ ၁၄ ရက်က အောင်စာရင်းတွေ ကပ်ကာ ကြေညာနေပြီး ရာနှုန်းပြည့် မအောင်မရှိစနစ်ကြောင့် စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ သိပ်မရှိကြောင်း သိရပါတယ်။
မေ ၁၄ ရက်မှာ Grade 12 (၁၂ တန်း) ကလွဲပြီး သူငယ်တန်းကနေ ၁၁ တန်းထိ အခြေခံကျောင်း အားလုံးရဲ့ အောင်စာရင်းတွေကို သက်ဆိုင်ရာကျောင်းတွေမှာ မေ ၂၅ ရက်ထိ အောင်စာရင်းတွေ ကပ်ပြီး ကြေညာနေပါတယ်။
အာဏာသိမ်းထားတဲ့ ကာလတွေမှာတော့ စစ်တပ်စိုးမိုးနယ်မြေတွေက အခြေခံကျောင်းတွေမှာ အောင်စာရင်းကြည့်တဲ့သူဦးရေ နည်းပါးပြီး စိတ်ဝင်တစားလာကြည့်သူတွေ သိပ်မရှိကြောင်း သိရပါတယ်။
အခြေခံပညာမူလတန်းနဲ့ အလယ်တန်းအဆင့်အတန်းတွေက အကျမရှိဘဲ ဝင်ရောက်ဖြေဆိုသူတိုင်း မအောင်မနေရ စနစ်ဖြစ်လို့ လာရောက်ကြည့်ရှုသူ နည်းပါးတာဖြစ်ကြောင်း ဆရာတယောက်က ပြောပါတယ်။
“အောင်စာရင်းက ဒီနေ့စပြီးတော့ ကပ်တယ်ပေါ့နော်။ ဒီနေ့ကစပြီး ကျောင်းအပ်လက်ခံတဲ့ ၂၂ ရက်နေ့အထိ ကြည့်လို့ရတာပေါ့နော်။ ကျောင်းအပ်ကတော့ ၂၂ ရက်နေ့ကစပြီး လက်ခံမယ်၊ လာကြည့်တဲ့လူကတော့ နည်းပါတယ်။ ကလေးတွေက နဂိုတည်းက အားလုံး အောင်ပေးတယ်ဆိုတဲ့ စိတ်ထဲမှာ သူတို့ရှိနေတဲ့ အခါကျတော့ တချို့ကလည်း လာမကြည့်ကြဘူးပေါ့နော်။ ကြည့်တဲ့လူနည်းတယ်ပဲ ပြောရမှာပေါ့နော်။ အောင်ချက်ကတော့ အရင်လိုပဲ ၁၀၀ ရာခိုင်နှုန်းလုံး အောင်တာပေါ့နော် ပြောရမယ်ဆိုရင်တော့။ ၆ လပိုင်း ၁ ရက်နေ့ကိုတော့ ကျောင်းက ပြန်ပြီးတော့ ဖွင့်မယ်၊ ရှေ့နှစ်ကိုတော့ နည်းနည်းအကျထားမယ်လို့လည်း ကြားပါတယ်။ အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေကို အခြေအနေဆိုးတဲ့ ကလေးတွေကိုတော့ ချမယ်လို့တော့ ကြားပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ အကုန်အောင်ပါတယ် ခင်ဗျ။”
ဇွန် ၁ ရက်မှာ ကျောင်းတွေ အားလုံးပြန်ဖွင့်မှာဖြစ်ပြီး သင်ကြားရေးဆရာတွေရဲ့ သင်တန်းရက်တွေကြောင့် မေ ၂၅ ရက်မှ ကျောင်းအပ်လက်ခံနိုင်မှာ ဖြစ်ကြောင်းကိုလည်း ထပ်မံကြေညာထားပါတယ်။
ရန်ကုန်တိုင်းထဲက အလယ်ကျောင်းတကျောင်းမှာတော့ စိတ်ဝင်စားသူမရှိပေမဲ့လည်း အောင်စာရင်း လာရောက်ကြည့်ရှုသူ အနည်းငယ်ရှိခဲ့ကြောင်း မိဘတယောက်က ပြန်ပြောပါတယ်။
ကျောင်းသားမိဘတယောက်က "ဒီနေ့ အောင်စာရင်းထွက်တယ်။ အိမ်ကသမီးက သူက ကျူရှင်ကနေ ပြန်ပြီးတော့ ဝင်ကြည့်တာပေါ့နော်။ သူက ၆ တန်းအောင် ၇ တန်းတက်ရမှာပေါ့။ သူအောင်တယ်။ ကလေးလူကြီးတွေတော့ မပါဘူး။ ကလေးတွေပဲ သွားကြည့်တာ။ လာကြည့်တဲ့ လူတွေကတော့ နည်းနည်း နည်းနည်းနဲ့ များတယ်လို့တော့ ပြောတာပဲ သမီးက၊ ကျောင်းအပ် လက်ခံမဲ့ရက်ကတော့ ဘာမှမသိသေးဘူး။ သေချာလည်း မပြောသေးဘူး။ ဆရာမတွေလည်း ဘာမှ မပြောသေးဘူးတဲ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ပညာသင်နှစ်တုန်းက အခြေခံကျောင်း၊ ဘုန်းတော်ကြီးစာသင်ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းအပ်နှံသူက ၆ ဒသမ ၄ သန်းနီးပါးရှိခဲ့ပြီး ၂၀၂၅-၂၆ ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံသူက ၆ ဒသမ ၁ သန်းကျော်သာ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၂၀၂၅-၂၆ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူက ၃ သိန်းနီးပါး လျော့ကျခဲ့ကြောင်းလည်း သိရပါတယ်။
ဝေဝေ










