
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး MNDAA ကိုးကန့်တပ် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက အောက်တိုဘာ ၂၇ ရက်မှာ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ပြီး ပြန်လည်ရှင်းလင်း တုံ့ပြန်လိုက်ပါတယ်။
SSJAC ဘက်က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စွပ်စွဲချက်တွေဟာ မြေပြင်အခြေအနေမှန်နဲ့ လုံးဝကင်းကွာနေတာကြောင့် ပြည်သူတွေနဲ့ အဖွဲ့အစည်းအသီးသီး ထိန်းမနိုင်သိမ်းမရ အထင်အမြင်လွဲမှားမှု မဖြစ်စေဖို့ အခုလို ရှင်းလင်းရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခြေခံပညာကျောင်းတွေမှာ ဒေသခံတွေနဲ့ မသက်ဆိုင်တဲ့ ဘာသာစကားကို အတင်းအကျပ် သင်ကြားစေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကန်ကြောင်းနဲ့ လက်ရှိမှာ မြန်မာဘာသာကို မိခင်ဘာသာစကားအဖြစ် သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်စာကို သူငယ်တန်းကတည်းက စတင်သင်ကြားပေးနေပြီး တရုတ်စာကိုတော့ Optional (ရွေးချယ်ခွင့်) အဖြစ် ထည့်သွင်းထားတာပါ။
ကွတ်ခိုင်ခရိုင်နဲ့ သိန္နီခရိုင်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းများစွာမှာလည်း တအာင်းနဲ့ ရှမ်းတိုင်းရင်းသားဘာသာစကားတွေကို တရားဝင် သင်ကြားခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။
အထူးဒေသ (၁) ရဲ့ မြေယာဥပဒေအရ နိုင်ငံခြားသားတွေကို မြေယာပိုင်ဆိုင်ခွင့် လုံးဝမပြုထားပါဘူး။ နိုင်ငံသားစိစစ်ရေးကတ် ဒါမှမဟုတ် ဒေသခံစိစစ်ရေးကတ် ရှိသူတွေကိုသာ စနစ်တကျ စိစစ်ပြီး မြေယာပိုင်ဆိုင်ခွင့်ပေးတာဖြစ်လို့ “နိုင်ငံခြားသားတွေ ဝင်ရောက်လွှမ်းမိုး သိမ်းဆည်းနေတယ်” ဆိုတဲ့ ပြောဆိုချက်ဟာ အခြေအမြစ်မရှိဘူးလို့ ဆိုပါတယ်။
မြို့ရွာအမည်တွေကို အတင်းအကျပ် ပြောင်းလဲတာမျိုး လုံးဝမရှိဘဲ မူလအမည်အတိုင်း ဆက်လက်သုံးစွဲနေကြောင်း၊ စေတီပုထိုး၊ ဘုရားကျောင်းတွေနဲ့ ပွဲတော်တွေကိုလည်း လွတ်လပ်စွာ ကိုးကွယ် ကျင်းပခွင့်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ရှမ်းမြောက် အထူးဒေသ (၁) အပါအဝင် ဒေသတခုလုံးဟာ တည်ငြိမ်အေးချမ်းနေပြီး၊ အခုလို အကောင့်တုတွေ၊ အွန်လိုင်းမီဒီယာတွေကတဆင့် တိုင်းရင်းသားအချင်းချင်း သွေးခွဲလှုံ့ဆော်နေမှုတွေကို လုံးဝလက်မခံကြောင်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေမဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာမဲ့ မလိုလားအပ်တဲ့ အကျိုးဆက်အားလုံးအတွက် SSJAC ဘက်ကသာ အပြည့်အဝ တာဝန်ယူရလိမ့်မယ်လို့ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက အလေးအနက် တုံ့ပြန် သတိပေးထားပါတယ်။
အောက်တိုဘာ ၂၃ ရက်က ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေအပေါ် MNDAA ကိုးကန့်တပ်ရဲ့ အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးနေမှုတွေနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း စာထုတ်ပြန်ထားပါတယ်။
သမိုင်းစဉ်ဆက် ခေါ်ဝေါ်ခဲ့တဲ့ မြို့ရွာအမည်တွေနဲ့ ဆိုင်းဘုတ်တွေကို ဒေသခံယဉ်ကျေးမှုနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ အမည်နာမ ဘာသာစကားတွေနဲ့ အတင်းအကျပ် အစားထိုးပြောင်းလဲတာ လုပ်နေသလိုငြိမ်းချမ်းစွာ ကန့်ကွက်တဲ့ ဒေသခံတွေကို ဖမ်းဆီးတာ၊ ဖိနှိပ်တာနဲ့ ခြိမ်းခြောက်တာတွေ ပြုလုပ်ပြီး နိုင်ငံသားအခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာတယ်လို့ ကန့်ကွက်စာမှာ ဖော်ပြပါတယ်။
ဒီလုပ်ရပ်တွေဟာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ”နဲ့ သမဂ္ဂမျှော်မှန်းချက်တွေကို တိုက်ရိုက်ချိုးဖောက်နေတဲ့အပြင် ဒေသတွင်း တိုင်းရင်းသားညီအစ်ကိုတွေကြား နားလည်မှု လွဲမှားတာ၊ ယုံကြည်မှု ပျက်ပြားတာနဲ့ လူမျိုးရေးပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေတယ်လို့ SSJAC က ဆိုပါတယ်။
ဒီလို အတင်းအကျပ် ပြောင်းလဲမှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပြီး၊ ဆက်လက် အကောင်အထည်ဖော်နေရင်တော့ ဒေသခံပြည်သူတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ပြန်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ရာ အထူးဒေသ (၁) မှာ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းခရိုင်၊ မုံကိုးခရိုင်ကို သတ်မှတ်ထားပြီး ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ သိန္နီခရိုင်နဲ့ TNLA လက်ကနေ လွှဲပြောင်းရယူခဲ့တဲ့ ကွတ်ခိုင်ခရိုင်တို့ ပါ၀င်ပါတယ်။











