
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တိုက်နယ် ၂ နယ်မြေရှိ အုန်းတပင်ကျေးရွာမှာ ဧပြီ ၂၆ ရက်ညက အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးတယောက်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိထားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
သေဆုံးသူက အုန်းတပင်ကျေးရွာက အဘဦးအောင်မျိုးရဲ့သမီးဖြစ်ပြီး ညက ပြန်မလာလို့ သူ့မိဘတွေက မနက်ခင်းလိုက်ရှာချိန်မှာ ရွာအပြင် နှမ်းရိုးပုံအောက်က အလောင်းရှာ တွေခဲ့တာလို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတယောက်က ပြောပါတယ်။
“အခင်းဖြစ်တာက ဧပြီလ ၂၆ ရက် ည ၁၁ နာရီခွဲအချိန်မှာ ဖြစ်သွားတာ။ ကောင်မလေးက စတားလင့်ဆိုင်မှာ စတားလင့်ဝိုင်ဖိုင်သုံးနတာကနေ အိမ်အပြန် လမ်းတနေရာကနေ ဆွဲခေါ်ပြီး ရွာအပြင်ထုတ်ပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာဗျ။”
ဧပြီ ၂၇ ရက် မနက် ၈ နာရီခွဲအချိန်မှာ မိန်းကလေးရဲ့ မိဘတွေနဲ့ ဒေသခံ ကျေးရွာသားတွေက တွေ့ရှိခဲ့ပြီး တိုက်နယ် ၂ တာဝန်ခံ တာဝန်ရှိသူထံ အသိပေးအကြောင်းကြား တိုင်ကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “သတင်းရရချင်းမှာပဲ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ မိဘပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သတင်းပေးပို့မှုကြောင့် ကျူးလွန်သူကို အချိန်မီ ဖော်ထုတ်နိုင်ခဲ့တာပါ။ အပြစ်မဲ့တဲ့ ကလေးမလေးတယောက်အပေါ် အခုလို ရက်ရက်စက်စက် ကျူးလွန်တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်ဖြစ်လို့ ထိရောက်စွာ အရေးယူနိုင်ဖို့ သက်ဆိုင်ရာမြို့နယ်ပလဖအဖွဲ့အစည်းထံ ဖမ်းဆီးအပ်နှံထားခဲ့ပြီ”လို့ ပြောပါတယ်။
အဆိုပါ ပြစ်မှုကျူးလွန်မှုနဲ့ ဖမ်းဆီးခံရသူဟာ အုန်းတပင်ကျေးရွာနေ သားဖိုးပြည့် (ခ) နေမင်းခန့် ဖြစ်ပြီး ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထိန်းသိမ်းထားကာ ဥပဒေနဲ့ အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက် နေပါတယ်။










