DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ် စစ်ရှောင်စခန်းများတွင်နေသူများ စားသောက်ရေး အခက်အခဲရှိနေ
DVB
·
January 4, 2021
ကွတ်ခိုင်မြို့နယ် စစ်ရှောင်စခန်းများတွင်နေသူများ စားသောက်ရေး အခက်အခဲရှိနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြီး ကွတ်ခိုင်မြို့နယ် စစ်ရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ကူညီထောက်ပံ့မှုတွေ မရှိတော့တဲ့အတွက် စားသောက်ရေးမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ကိုဗစ်ကာလ အလုပ်အကိုင်ရှားပါးတာတွေ၊ စိုက်ပျိုးထားတဲ့ ပြောင်းနဲ့ကြံတွေ ဝယ်ယူသူမရှိတဲ့အတွက် နေ့စားလုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက် စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

စစ်ရှောင်စစ်ခန်းတွေကို မြန်မာ့နှလုံးသားနဲ့ World Food Programme အဖွဲ့အစည်းတွေက စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်တွေကို ၂၀၂၀ ခုနှစ် မတ်လကစတင်ပြီး ရပ်နားလိုက်တဲ့အတွက် စားဝတ်နေ‌ရေး တော်တော်ခက်ခဲတယ်လို့ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာ (ဟိုခိုစစ်ရှောင်စခန်း)၊ ဒုတာဝန်ခံ ဒေါ်လွေးဟိုခမ်းက ပြောပါတယ်။

“မြန်မာနှလုံးသားနဲ့  WFA ကထောက်ပံ့ပေးတယ်။ ဒါပေမဲ့ ၃ လပိုင်းအထိပဲ ရပ်တန့်သွားတယ်။ ဒီနောက်ပိုင်းမှာ ကျမတို့ စားဝတ်နေ‌ရေးတွေ တော်တော်ခက်ခဲတယ်။” 

တရုတ်ဘက်က လတ်တလော ကြံနဲ့ ပြောင်းကို ဝယ်ယူတာမရှိတဲ့အတွက် လုပ်ငန်းတွေ ရပ်နားထားရသလို အလုပ်အကိုင်မရှိတဲ့အတွက် သက်ဆိုင်ရာ အစိုးရက ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ်လို့  ကွတ်ခိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁၊ တအောင်(ပလောင်)အမျိုးသားပါတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးအိုက်မွန်းက ပြောပါတယ်။

“အခု သူတို့မှာ အလုပ်အကိုင်လည်း မရှိဘူးဖြစ်နေတာ။ သက်ဆိုင်ရာ အစိုးရက ကူညီပံ့ပိုးပေးရင် ကောင်းတာပေါ့။ ဆောင်းတွင်းပိုင်း အနွေးထည်တွေလည်း လိုတယ်။ တချို့ကလေးတွေ အလုပ်မရှိတော့ မဝယ်ပေးနိုင်ဘူး။”

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရှောင်စခန်းတွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ ၄ မြို့နယ်ကို ၁ မြို့နယ် ကျပ်သိန်း ၅၀၀၀ စီထောက်ပံ့ပေးနိုင်ဖို့ ရှမ်ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်၊ ကာလှိုင်ဇွပ်အောင် စစ်ရှောင်စခန်း၊ ဒေါ်ခေါန်ရှောင်က ”အလုပ်အကိုင် အများကြီးကို လိုအပ်တယ်။ အမျိုးသမီးတွေ အလုပ်အကိုင်မရှိတော့ ဒီနေရာမှာ နေ့စားသွားရမယ့် နေရာမရှိဘူး။ အလုပ်အကိုင် မရှိသလောက်ပဲ” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှမ်းပြည်မြောက်ပိုင်း၊ မြို့နယ် ၁၃ မြို့နယ်မှာ တိုက်ပွဲပေါင်း ၁၀၈ ကြိမ်ဖြစ်ပွားခဲ့ရာမှာ အမျိုးသမီး ၄၁၄၆၈ ဦး၊ ကလေးငယ် ၃၈၇၆ ဦး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦး၊ သေဆုံးသူ ၂၁ ဦး၊ မိုင်းထိသေဆုံးသူ ၃ ဦးထိ ရှိပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း စစ်ရှောင်ပြည်သူ ၁၇၀၀ နီးပါးရှိပြီး အမျိုးသား ၅၅၀ ကျော်၊ အမျိုးသမီး ၉၀၀ ကျော်၊ ကလေး ၂၃၀ ကျော် သက်ဆိုင်ရာ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေရတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း(လားရှိုး)က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013