DVB Logo
Home
မြန်မာသတင်း
ကြက်သွန်နီဈေး အဆမတန်ကျနေ၍ နိုင်ငံခြားဝယ်လက်များနှင့်ချိတ်ပေးရန် အစိုးရကို တောင်းဆို
DVB
·
January 2, 2021
ကြက်သွန်နီဈေး အဆမတန်ကျနေ၍ နိုင်ငံခြားဝယ်လက်များနှင့်ချိတ်ပေးရန် အစိုးရကို တောင်းဆို
Donate to DVB

ဘင်္ဂလားဒေ့ရှ်ဘက်ကို ကြက်သွန်နီ တင်ပို့မှု ရပ်နားထားရတာကြောင့် ကြက်သွန်နီဈေးနှုန်း အဆမတန်ကျဆင်းနေပြီး အစိုးရက နိုင်ငံခြား၀ယ်လက်တွေကို ချိတ်ဆက်ပေးဖို့ ကြက်သွန်နီကုန်သည်တွေက တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ် ၁၁ လပိုင်းလောက်တုန်းက ကုန်းလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ဘင်္ဂလားက အ၀ယ်ရှိနေပြီး ရေကြောင်းလမ်းက သွားရတဲ့အခါမှာ ရက်ကြာရှည်တာကြောင့် ပျက်စီးမှုများခဲ့တယ်လို့ သိရပါတယ်။

အခုချိန်မှာ ဘင်္ဂလားက အ၀ယ်ရှိနေပေမယ့်လည်း ကုန်းလမ်းကြောင်းတွေက သွားလာရအဆင်မပြေတဲ့အတွက် ဈေးနှုန်းတွေ ကျဆင်းလာတာလို့ ကုန်သည်တွေက ဆိုပါတယ်။

ကြက်သွန်နီအဟောင်းဈေးနှုန်းဟာ အခုအချိန်မှာ တစ်ပိဿာ ၁၀၀ ကျပ်ဈေးနှုန်းသာ ရှိနေပြီး အသစ် တစ်ပိသာကို ငွေကျပ် ၅၀၀ ၀န်းကျင်လောက်အထိ ဈေးနှုန်းရှိနေတာပါ။

၂၀၁၉ ခုနှစ်ကနဲ့ယှဉ်မယ်ဆိုရင် လက်ရှိအချိန်မှာ ကြက်သွန်နီအဟောင်းဈေးနှုန်းဟာ ၁၉ ဆလောက်အထိ ကျဆင်းနေတယ်လို့ ပခုက္ကူမြို့နေ ကြက်သွန်နီ ကုန်သည် လုပ်သက်နှစ် ၄၀ ကျော်ရှိ ဦးသိန်းက ပြောပါတယ်။

“၁၁ လပိုင်းလကုန်က ဘင်္ဂလားက အ၀ယ်တော့ပြလိုက်သေးတယ်။ ဒီကနေပြီးမှ ရန်ကုန်ဆိပ်ကမ်းကို ပို့ရတယ်၊ ရန်ကုန်ဆိပ်ကမ်းကနေမှ စစ်တွေကို သွားတယ်။ အဲ့ဒီကနေ တစ်ခါ ဘင်္ဂလားဘက်ကိုသွားတော့ ရက်တွေကြာတဲ့အခါကျ ကြက်သွန်က ပျက်စီးတယ် အဲဒါကြောင့် သွားလို့မရဘူး။ ခါတိုင်းက ကုန်းလမ်းကသွားတာ၊ ကုန်းလမ်းကကျတော့ နိုင်ငံတော်အစိုးရက ကိုဗစ်ရောဂါကြောင့် လမ်းတွေက တားရတဲ့အတွက် ကုန်းလမ်းက မသွားတဲ့အတွက် ဈေးက မျှော်လင့်ချက်နည်းသွားတာပါ ဈေးကျတာပါ။ အစိုးရအနေနဲ့ စီးပွားကူးသန်းဝန်ကြီးက ဗမာပြည်မှာ ကြက်သွန်အထွက်များရင် တခြားနိုင်ငံတွေကို ရောင်းရဖို့ ရှာသင့်ပါတယ်။ ၀ယ်တဲ့ကုမ္ပဏီတွေနဲ့ အဆက်အသွယ် ဗမာပြည်က Exporter တွေနဲ့ အဆက်အသွယ်လုပ်ပေးဖို့တော့လိုပါမယ်။”

 ၂၀၂၀ အတွင်း ဘင်္ဂလား အ၀ယ်လိုက်စဉ်က ကြက်သွန်နီ တစ်ပိသာကို ငွေကျပ် ၁၀၀၀ နဲ့ ၉၀၀ ကြားမှာရှိပြီး ရေလမ်းကြောင်းက တင်ပို့ရတဲ့အခါမှာ ရက်ကြာရှည်သွားတဲ့အတွက် အပင်ပေါက်တာတွေ ညိုမည်းတာတွေ ဖြစ်ပြီး ကုန်သည်ပွဲစားတွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ ပခုက္ကူ ကြက်သွန်ကုန်စည်ဒိုင် ဥက္ကဋ္ဌက ဦးကျော်သန်းက ပြောပါတယ်။

“မနှစ်ကတော့ ဘင်္ဂလားအ၀ယ်လိုက်တော့ ဈေးကောင်းသွားတာပေါ့။ ဒီနှစ်ကျတော့ ဘင်္ဂလားက စောစောက၀ယ်တယ်။ ၀ယ်တော့ ၁၀၀၊ ၉၀၀ လောက်အထိ ဖြစ်သွားသေးတယ်။ ဖြစ်သွားတော့  သူတို့လည်း ဝယ်သွားပြီးတော့ ကွန်တိန်နာတွေနဲ့တင်ရတော့ အဆင်မပြေကြဘူး။ ရန်ကုန်ကနေတဆင့် သွားရတာဆိုတော့ ရက်တွေကြာနေတာ။ ကြက်သွန်ကလည်း နောက်ပိုင်းကျတော့ အညှောင့်ပေါက်ချင်တာတို့ ဘာတို့ရှိတာပေါ့၊ အခုတော့ မ၀ယ်တော့ပါဘူး ဘင်္ဂလားဒေ့ရှ်က။ အဲဒါကြောင့်လည်း အဟောင်းတွေက ဈေးတွေက ကျလွန်းသွားတာ။ ဦးတို့အနေနဲ့ကတော့ တောင်သူတွေအနေနဲ့ ဈေးကွက်တွေ  ဈေးတွေက နိမ့်လွန်းတဲ့အခါကျတော့ အရှုံးတွေပဲ ပေါ်နေကြတော့တာ အဲဒါကို နိုင်ငံတော်အစိုးရအနေနဲ့က ပြည်ပနိုင်ငံတွေကို ဈေးကွက်တစ်ခု ထိုးဖောက်ပြီးရှာပေးရင် ဈေးတွေကောင်းမယ်လို့ ဦးကတော့ထင်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ပြည်ပနိုင်ငံခြားတွေကိုဈေးကွက်ရှာပေးပါလို့ ပြောချင်ပါတယ်။”

မနှစ်က ကြက်သွန်နီဈေးနှုန်းဟာ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ ဝန်းကျင်ရှိခဲ့တာကြောင့် ဒီနှစ်မှာ စိုက်ပျိုးတဲ့တောင်သူ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွေမှာ ကြက်သွန်စိုက်ပျိုး ထွက်ရှိမှုများပြားပြီး ပခုက္ကူခရိုင်အတွင်းက အများဆုံးထွက်ရှိကာ တစ်နှစ်ကို တင်းပေါင်း သိန်း ၃၅၀ လောက်အထိ ထွက်ရှိနေတယ်လို့ သိရပါတယ်။

ခင်ပြည့်စုံဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013