ခမီတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူး(ဆနီ)ပွဲတော် ဘူးသီးတောင်၌ ကျင်းပ
DVB
·
December 30, 2020

“နေ” နဲ့ “လ” ကို ပူဇော်ပသတဲ့ ခမီတိုင်းရင်းသားတို့ရဲ့ ရိုးရာနှစ်သစ်ကူး (ဆနီ)ပွဲတော်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီကျေးရွာမှာ ဒီဇင်ဘာ ၂၉ ရက်က ကျင်းပပါတယ်။
ဆနီပွဲတော်ဟာ ခမီတိုင်းရင်းသားတွေရဲ့ ဘိုး၊ဘွားလက်ထက်ကတည်းက ကျင်းပ လာခဲ့ကြတဲ့ပွဲတစ်ခုဖြစ်ပြီး “နေ”နဲ့“လ” ကို ပူဇော်သပတဲ့ ပွဲတော်တစ်ခုဖြစ်ကာ နေထွက်လာ ချိန်မှာ နေထွက်အက၊ လထွက်လာချိန်တွင် လထွက်အကတို့နဲ့ ကပြရတဲ့ ရိုးရာနှစ်သစ်ကူး ပွဲတော်တစ်ခုပါ။
(ဆနီ)ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသာအေးက "ဒီ(ဆနီ)ပွဲက ကျနော်တို့ ခမီလူမျိုးတွေရဲ့ ရှေဘိုးဘွားလက်ထက်ကတည်းက နတ်တော်လပြည့်နေ့တိုင်း ကျင်းပပြုလုပ်လာ ခဲ့တဲ့ နှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်ပါတယ်။ အခုနှစ်မှာဆို ဘူးသီးတောင်မှာ ၃ ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ ဒီ(ဆနီ)ပွဲကို ကျနော်တို့ ခမီလူမျိုးတွေရှိနေသရွေ့ ကျင်းပသွားမှာဖြစ်တယ်။ ဒီပွဲမှာ "လ"အက "နေ"အက တွေအပြင် "ကောက်ထိုး"အက၊ တောက်ယာလုပ်ပြီး ‘စပါးရိတ်’ အကတွေ ပါဝင်ပါတယ်”လို့ ရှင်းပြပါတယ်။
(ဆနီ)ပွဲအတွက် "လ"တိုင် နဲ့ "နေ"တိုင်ကို ပြုလုပ်စိုက်ထူရာမှာ ဝါးလုံး ၇၅ လုံးနဲ့ပြုလုပ်ရပြီး လတိုင်နဲ့ နေတိုင်မှာ ကျွဲ၊ နွားတစ်ကောင်စီချည်နှောင်ကာ သတ်ဖြတ် ပူဇော်ကြရကာ ပွဲရက်တိုးချဲ့ ကပြပါက နောက်ထပ် သားကောင်တွေကို ချည်နှောင်သတ်ဖြတ်ပြီး ကပြရတယ်လို့ သိရပါတယ်။
ခမီအမျိုးသမီးခေါင်းဆောင် ဒေါ်သာမဖြူက “ဒီနှစ်သစ်ကူး(ဆနီ)ပွဲက ရိုးရာပွဲတော်ထဲမှာ အကြီးဆုံးပြုလုပ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ "နေ"ထွက် လာတဲ့အချိန်မှာ "နေ"ထွက်အကကို ကကြပြီး "လ"ထွက်လာတဲ့ အချိန်မှာ "လ"ထွက်အကကို ကကြရပါတယ်။ ဒီနှစ်မှာတော့ ခမီအဘိုးအဘွားတွေ ရဲ့ ရဇ္ဇလင်္ကါပြိုင်ပွဲကိုပါ ထည့်ပေးထားပါတယ်။" လို့ ပြောပါတယ်။
ပွဲတော်ကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းမှာ ကျင်းပခဲ့ပြီး နောက်ပိုင်းမှာ မြောက်ဦးမြို့နယ် လောင်ရီချောင်းကျေးရွာမှာ တစ်နှစ်ကျင်းပခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် မကျင်းပနိုင်ခဲ့ဘဲ ၂၀၁၈ ခုနှစ်က စလို့ ဘူးသီးတောင်မြို့မှာ ပြန်လည်ကျင်းပလာတာဖြစ်ပြီး အခုအကြိမ်ဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင် ခမီတိုင်းရင်းသား တစ်သိန်းခန့်ရှိပြီး စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နဲ့ မောင်တော မြို့နယ်တို့မှာ နေထိုင်ကြကြောင်း သိရပါတယ်။
သတင်း - လင်းလက်