
ပြင်သစ်နိုင်ငံကနေ အင်္ဂလန်နိုင်ငံဘက်ကို ကူးဖြတ်ဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းအခြေချသူတွေ လိုက်ပါလာတဲ့ ရာဘာလေထိုး လှေငယ်တစင်းဟာ အင်္ဂလိပ်ရေလက်ကြားထဲမှာ နစ်မြုပ်သွားခဲ့လို့ အနည်းဆုံး လူ ၄ ယောက် သေဆုံးသွားတယ်လို့ ဧပြီ ၉ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။
လူ ၃၀ လောက် တင်ဆောင်လာတဲ့ လှေဟာ အက်ကီအန်-ပလာ့ဂျ်နဲ့ အယ်ခိုးနယ်မြေက ကမ်းခြေတွေအကြားမှာ ဒေသစံတော်ချိန် မနက် ၇ နာရီလောက်က ဒုက္ခနဲ့ ကြုံတွေ့ခဲ့ရတာလို့ ဒေသမြို့တော်ဝန်က ပြောပါတယ်။
အက်ကီအန်-ပလာ့ဂျ် မြို့တော်ဝန် ခရစ္စတီယန်ဖှိုးခရွိုင်းက “ရွှေ့ပြောင်းလာသူ အယောက် ၃၀ လောက်ဟာ လှေထဲကနေ ထွက်ပြီး ‘taxi-boat’ လို့ခေါ်တဲ့ လှေတစင်းဆီကို အရောက်သွားဖို့ ကြိုးစားခဲ့ကြပေမဲ့ ကံမကောင်းစွာနဲ့ လှေက လန်သွားလို့ အားလုံးရေထဲ ပြုတ်ကျသွားပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး အသက်ဆုံးရှုံးခဲ့ကြပါတယ်” လို့ ပြောပါတယ်။
ဒေသခံအာဏာပိုင်တွေကတော့ အခြေအနေကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။ ကာလေမြို့ တောင်ဘက်ကမ်းရိုးတန်းမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ လူကုန်ကူးသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ရှောင်ကွင်းနိုင်ဖို့အတွက် ‘Taxi-boats’ လို့ ခေါ်တဲ့ လေထိုးရော်ဘာလှေတွေကို အသုံးပြုပြီး ပြင်သစ်မြောက်ပိုင်းနဲ့ ဘယ်လ်ဂျီယံ ကမ်းရိုးတန်းတလျှောက်မှာ ရွှေ့ပြောင်းအခြေချသူတွေကို လိုက်လံတင်ဆောင်လေ့ ရှိပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘူးလွိုင်းန်မြို့ အစိုးရရှေ့နေရုံးကတော့ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Source: Reuters











