DVB Logo
Home
မြန်မာသတင်း
ICC ဖမ်းဝရမ်းထုတ်သည့်အခါ စစ်အာဏာရှင် မင်းအောင်လှိုင် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရနိုင် 
ဝေဝေ
·
April 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က မြန်မာစစ်ခေါင်းဆောင်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အမှုဖွင့်အရေးယူနိုင်မဲ့ တရားရေးလုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ တရားစွဲဆို ဖမ်းဝရမ်းထုတ်တဲ့အခါမှာ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိမှာ မဟုတ်သလို ICC အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ ဖမ်းဆီးတာ ခံရနိုင်တယ်လို့ ICC ပြောရေးဆိုခွင့်ရှိသူက DVB ကိုပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချက်တွေကြောင့် ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ  နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာနဲ့ အကြမ်းဖက် သတ်ဖြတ်တာတွေကြောင့် ရိုဟင်ဂျ  ၇ သိန်းကျော်လောက်  နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရပါတယ်၊ 

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  ICC တရားရုံးကက မြန်မာစစ်ခေါင်းဆောင်တွေအပေါ်  လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု (crimes against humanity) နဲ့ အမှုဖွင့်အရေးယူနိုင်မဲ့ တရားရေးလုပ်ငန်းစဉ်တွေကို ၂၀၁၉ ခုနှစ်တည်းက လုပ်ဆောင်နေပြီး တရားစွဲဆိုမှု ပြုလုပ်နိုင်တာတော့ မရှိသေးပါဘူး

ICC ရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေပြီးလို့ တရားစွဲကာ ဖမ်းဝရမ်းထုတ်ခံရချိန်မှာတော့ စစ်အာဏာရှင် သမ္မတမင်းလှိုင်အောင်အနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှာမဟုတ်သလို ICC အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ ဖမ်းဆီးပေးတာ ခံရနိုင်ကြောင်း ICC ပြောရေးဆိုခွင့်ရှိသူက DVB နဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

ICC ပြောရေးဆိုခွင့်ရှိသူ  အော်ရီယန်းမိုင်လေက “ကျမပြောနိုင်တာကတော့ လျှောက်ထားလွှာဟာ တရားသူကြီးတွေဆီမှာ စစ်ဆေးဆဲဖြစ်တယ်ဆိုတာရယ်၊ ဖမ်းဝရမ်းထုတ်မလား၊ မထုတ်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ဟာ သက်သေအထောက်အထားအပေါ်မှာပဲ သီးသန့် အခြေခံမှာ ဖြစ်တယ်ဆိုတာပါပဲ။ ဒီပုဂ္ဂိုလ်ကို သမ္မတအဖြစ် ရွေးကောက်တယ်လို့ ကြေညာလိုက်တာက သူ့အပေါ် ဖမ်းဝရမ်းတောင်းဆိုထားတဲ့ အချက်ကို ပြောင်းလဲသွား စေမှာ မဟုတ်ပါဘူး။ နောက်ပြီး ICC ရဲ့ အခြေခံစာချုပ်ဖြစ်တဲ့ ရောမစာချုပ် (Rome Statute) မှာလည်း ICC ရဲ့ ဥပဒေတွေဟာ ရာထူးအဆင့်အတန်း ခွဲခြားမှုမရှိဘဲ လူတိုင်းအပေါ် တန်းတူသက်ရောက်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ နောက်ထပ် ပြောချင်တာတခုကတော့ ဖမ်းဝရမ်းတခု ထုတ်လိုက်ပြီဆိုရင် အဲဒီဝရမ်းဟာ တသက်လုံး အတည်ဖြစ်နေမှာပါ။  ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံစလုံးမှာ ICC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဥပဒေကြောင်း အရ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။

ICC အမှုတွေရဲ့ လုပ်ငန်းစဉ်တွေက အချိန်ကြာတတ်ပြီး တရားခံတွေကို ဖမ်းဆီးနိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တဲ့အပြင် မြန်မာနိုင်ငံက ICC အဖွဲ့ဝင် မဟုတ်တဲ့  အခြေအနေတွေကြောင့်လည်း ဥပဒေရေးရာ အကန့်အသတ်တွေ ရှိကြောင်း ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်၊

မိုင်လေကတော့ အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အခါမျိုး မှာတော့ ICC တရားသူကြီးတွေက မှတ်တမ်းတင်ပြီး အဖွဲ့ဝင်နိုင်ငံများညီလာခံ (Assembly of States Parties) ကို အသိပေးကာ  တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိဘူးတဲ့ နိုင်ငံအပေါ်  လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေဆက်လုပ်မှာဖြစ်တယ်လို့ ထပ်ပြောပါတယ်၊

အော်ရီယန်း မိုင်လေက “တရားရုံးဟာ ဥပဒေကြောင်းအရ ဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဖမ်းဆီးမှုနဲ့ ပတ်သက်သမျှ ကိစ္စတိုင်းမှာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြားမိတ်ဖက်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မှီခိုရပါတယ်။ ဖမ်းဝရမ်းတွေကို အကောင်အထည်ဖော်ဖို့ဆိုတာ ရောမစာချုပ်အရ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဥပဒေကြောင်းဆိုင်ရာ တာဝန်ဝတ္တရားဖြစ်ပါတယ်။ သံသယရှိသူတွေ၊ တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေ အပေါ် ကျမတို့ အပြည့်အဝ ယုံကြည်အားကိုးပါတယ်”လို့ ပြောပါတယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်တဲ့ တခြားသော တရားစွဲဆိုလုပ်ဆောင်မှုတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု နဲ့  တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် အာဂျင်တီးနားနိုင်ငံကလည်း ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေး universal jurisdiction အောက်က စစ်ခေါင်းဆောင်တွေကို  စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

တီမောနိုင်ငံကတော့ ချင်းပြည်နယ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားစွဲဆိုထားပြီး အင်ဒိုနီးရှားနိုင်ငံ တရားရုံးကလည်း ဧပြီ ၆ ရက်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့  လက်ခံလိုက်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို ICC ကနေ ဖမ်းဝရမ်းထုတ်တာ အမြန်လုပ်ဆောင်ဖို့ကို ဗြိတိန်လွှတ်တော် အမတ်လွှတ်တော် အမတ် ၁၀ ယောက်က ၂၀၂၄ ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက  ကနဦး လက်မှတ်ရေးထိုး တိုက်တွန်းထားရာကနေ ၂၀၂၆ ဖေဖော်ဝါရီလမှာ နောက်ထပ် လွှတ်တော်အမတ်တယောက် ပါဝင်လက်မှတ်ရေး ထိုးခဲ့တဲ့အတွက် အဆိုပြုချက်မှာပါဝင်သူ စုစုပေါင်း အမတ် ၁၁ ယောက်အထိ ရှိလာပြီလည်း ဖြစ်ပါတယ်၊ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013