ကျောက်မဲတွင် စစ်ဘေးရှောင် ၆၀၀ ကျော်ရှိလာ၊ စောင်နှင့် အနွေးထည်များ လိုအပ်
DVB
·
December 29, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ဘေးရှောင်ပြည်သူ အယောက် ၆၀၀ ကျော်ရှိလာပြီး ရာသီဥတုအေးလာတာကြောင့် စောင်၊ အခင်းနဲ့ အနွေးထည်တွေ အဓိကလိုအပ်နေပါတယ်။
စစ်ဘေးရှောင်တွေဟာ ကားလမ်းမပေါက်တဲ့ရွာကနေ အနည်းဆုံး ၁ နာရီမှ ၄ နာရီ နီးပါး လမ်းလျှောက်ခဲ့ရပြီး မိုင်းတင်းရွာရောက်မှ လူမှုကူညီရေး အသင်းကားတွေ ခေါ်ဆောင်လာတဲ့ အတွက် အများစုက အဝတ်တစ်ထည်ကိုယ်တစ်ခု ပြေးလာတဲ့သူတွေ ဖြစ်တယ်လို့ စစ်ဘေးရှောင်ကော်မတီဝင် ကိုသားဇော်က ပြောပါတယ်။
ကျောက်မဲမြို့မှာ စစ်ဘေးရှောင်တွေဟာ သန္တိသုခဓမ္မာရုံမှာ လူဦးရေ ၁၅၈ ယောက်၊ အိမ်ထောင်စု ၄၁ စု၊ ဝါဆိုဘုန်းကြီးကျောင်းမှာ လူဦးရေ ၁၀၆ ယောက်၊ အိမ်ထောင်စု ၂၈ စု၊ မန်ကောင်းမူး စာသင်ကျောင်းမှာ လူဦးရေ ၃၄၂ ယောက်၊ အိမ်ထောင်စု ၇၈ စု၊ စုစုပေါင်း ၆၀၀ ကျော် ရှိနေပါပြီ။
လက်ရှိမှာ အခင်းနဲ့ စောင်တွေ ဝေငှထားပေမယ့်လည်း လူစေ့မရသေးဘဲ ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာလည်း အနွေးထည်၊ ဦးထုပ်၊ ခြေအိတ်၊ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်း တွေနဲ့ ကျန်းမာရေးစောင့်ရှောက်ရေးလည်း လိုအပ်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်း အမျိုးသားလွတ်မြာက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ရွာသားတွေ စစ်ဘေးရှောင်လာတာဖြစ်ပါတယ်။
သတင်း - နန်းငြိမ်းလုံ၊ ဓာတ်ပုံ ~ Thar Zaw, Shar Htet Paing, U TinMgOo