DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီယဉ်ကျေးမှု သင်းကွပ်မခံနိုင်သဖြင့် မတရားမှုများ ဖော်ထုတ်နေဟု ကြံ့ခိုင်ရေးပါတီပြော
DVB
·
December 28, 2020
ဒီမိုကရေစီယဉ်ကျေးမှု သင်းကွပ်မခံနိုင်သဖြင့် မတရားမှုများ ဖော်ထုတ်နေဟု ကြံ့ခိုင်ရေးပါတီပြော
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာ ၂၀၀ နီးပါးတင်သွင်းထားပြီး ဒီမိုကရေစီယဉ်ကျေးမှု သင်းကွပ်မခံနိုင်တဲ့အတွက် မတရားတာတွေကို ဖော်ထုတ်နေတာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲကန့်ကွက်လွှာတွေ တင်သွင်းအပြီးမှာ မီဒီယာတွေကို အခုလို ပြောဆိုခဲ့တာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာ စုစုပေါင်း ၂၀၀ နီးပါး တင်သွင်းထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၁၁၇ နယ်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ၉၂၀ နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်မြေ ၇၁ ခုသာ အနိုင်ရ ရှိခဲ့တာဖြစ်ပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက “ကျမတို့က အရှုံးကို လက်မခံတာ မဟုတ်ဘူးရှင့်၊ ၂၀၂၀ ရဲ့ ဖြစ်သွားခဲ့တဲ့ မဲစာရင်းအမှားအယွင်းတွေ  ခါတိုင်းရွေးကောက်ပွဲတွေထက်ကို ဆိုးဆိုးဝါးဝါးတွေဖြစ်ခဲ့တယ်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်း ရွေးကောက်ပွဲတွေထက် ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ ကျမတို့ရဲ့ နောက်မျိုးဆက်သစ်တွေမှာ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့၊ ဒါတွေကို ကျမတို့ သည် အရှုံးကို လက်ခံတယ်၊ ရှုံးခြင်း နိုင်ခြင်းဟာ ကစားပွဲတစ်ခုမှာ ပြိုင်ပွဲတစ်ခုမှာ အရှုံးနဲ့ အနိုင် ရလဒ်နှစ်ခုပဲ ရှိတယ်။ သို့သော် ရှုံးခြင်းသည်လည်း တရားမျှတတဲ့ ရှုံးခြင်းအဖြစ် လက်ခံဖို့အတွက်ကို ကျမတို့ ဒီမတရားသဖြင့် ရှိခဲ့တဲ့အချက်အလက်တွေ ဖော် ထုတ်ဆောင်ရွက်နေခြင်းဖြစ်တယ် ” လို့ ပြောပါတယ်။

အခုလို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တင်သွင်းတဲ့ ကန့်ကွက်လွှာ ၂၀၀ နီးပါးထဲမှာ နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ မဲဆန္ဒနယ် ၁၀ ခုအနက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကလွဲပြီး ကျန်တဲ့ ၉ နေရာစလုံးကိုလည်း ကန့်ကွက်လွှာတင်သွင်းထားတယ်လို့ ပြောပါတယ်။

အန်အယ်လ်ဒီပါတီဘက်ကလည်း ဦးသန်းဌေးကို ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတာမှာ လူမျိုးရေးကို အကြောင်းပြ မဲဆွယ်စည်းရုံး တယ်ဆိုပြီး ကန့်ကွက်လွှာတင်သွင်းထားပါတယ်။ ဒါဟာ သူ့အကြောင်းသူ့ မိတ်ဆက်ပြောဆိုတာဖြစ်ပြီး တရားမဲ့ ပြုကျင့်မှုမမြောက်ဘူးလို့လည်း ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုပါတယ်။

“တကယ်တကယ့်မှာတော့ ဦးသန်းဌေးအနေနဲ့ သူ့ရဲ့ မဲဆန္ဒရှင်တွေကို မဲဆန္ဒနယ်မှာ ကိုယ့်အကြောင်းကိုယ် ပြောပြတာပေါ့။ သူ့ရဲ့မိသားစုကို မိတ်ဆက်ရတယ်လေ။ ဒါမှလည်း မဲဆန္ဒရှင်တွေက ဘယ်လိုလူမျိုးကို ရွေးချယ်ရမယ်ဆိုတာ သိနိုင်မှာပေါ့။ သူက ဘယ်ကလာတယ်၊ ဘယ်ကပေါက်ဖွားတယ်၊ ဘယ်လို လူမျိုးဖြစ်တယ်ဆိုတဲ့ဟာကို မဲဆန္ဒရှင်တွေနဲ့ မဲဆွယ်စည်းရုံးရေး ကာလမှာ မိတ်ဆက်တဲ့အနေနဲ့ ပြောတဲ့စကား။ ဒါကျမ အမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမဲ့လည်း ကန့်ကွက်လွှာတင်သွင်းထားတယ်လို့ သိရတဲ့အတွက် ဒါကတော့ ခုံရုံးရောက်တော့မှ ရှင်းရမယ့် ကိစ္စပေါ့ ” လို့ ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ကန့်ကွက်လွှာတွေဟာ NLD ကို ကန့်ကွက်တာတွေ ချည်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းက အမှုတွေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကန့်ကွက်လွှာတိုင်းဟာ တရားမဲ့ပြုကျင့်မှုမှာ ပြဋ္ဌာန်းထားတဲ့အချက်တွေထဲက တစ်ချက်ချက်နဲ့ ညှိစွန်းမှုတွေဖြစ်ပြီး သက်သေခိုင်မာတဲ့ ဖြစ်စဉ်တွေကိုပဲ ကန့်ကွက်လွှာ တင်တာ ဖြစ်တယ်လို့ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013