
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ပြီး ထွက်ပြေး လွတ်မြောက်နေတဲ့ တရားခံကို ဖမ်းဆီးပေးခဲ့တဲ့ ဒေသခံလူငယ် ၃ ယောက်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဩဂုတ် ၁၉ ရက်မှာ ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ပါတယ်။
ဒေသခံအမျိုးသားတယောက်က “တရားခံကို ပြန်ဖမ်းပေးတဲ့ လူငယ် ၃ ယောက်ကို ULA/AA က ဂုဏ်ပြုတဲ့အနေနဲ့ ဆုချီးမြှင့်ပေးတာပါ။ အဓိက ဖမ်းပေးတဲ့သူကို ကျပ် ၃ သိန်း၊ အဖော်ပါလာတဲ့ ၂ ယောက်ကိုတော့ တယောက်ကို ကျပ် ၂ သိန်းစီ ပေးပါတယ်။ အခုလို ဖမ်းပေးတဲ့အတွက် ကျေးဇူးတင်တယ်။ မဟုတ်ရင် ဒီလို သူများသားသမီးကို စော်ကားတဲ့သူတွေ လွတ်မြောက်သွားရင် တရားမျှတမှုဆိုတာ ဘယ်ရှိမလဲ” လို့ ပြောပါတယ်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ တရားခံကတော့ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးမောင်အေးလှ ဖြစ်ပါတယ်။
သူဟာ သရက်တပင်အုပ်စု၊ ကျောက်တလုံးကျေးရွာနေ သူ့ရဲ့အစ်မရဲ့သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့အပြင်၊ ညီမဖြစ်သူ အသက် ၈ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် မဖွယ်မရာ ပြုလုပ်ခဲ့လို့ ဖမ်းဆီးခံထားရစဉ် အချုပ်ကနေ ထွက်ပြေးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
တရားခံ ဦးမောင်အေးလှကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဇူလိုင် ၂၉ ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် ဩဂုတ် ၁၈ ရက်မနက် ၄ နာရီလောက်မှာ အစောင့်တွေက တာဝန်လွှဲနေချိန်ကို အခွင့်ကောင်းယူပြီး သော့ခလောက်နဲ့ သံကြိုးခြေကျင်းတို့ကို ဖျက်ဆီးကာ အချုပ်စခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတာလို့ DLEPS ဌာနနဲ့ နီးစပ်သူကပြောပါတယ်။
“သူ့ကို အမှုစဖြစ်တော့ မကြာခင်မှာ ဇူလိုင်လက DLEPS က နေအိမ်မှာတင် ဖမ်းခဲ့တာပါ။ ပြီးတော့ အချုပ်ထဲမှာ ထားထားတာ။ အဲဒါကို ဟိုတနေ့က မနက် အာရုဏ်တက်အချိန်မှာ အချုပ်ထဲကနေ ထွက်ပြေးသွားတာ။”
အဆိုပါ တရားခံဦးမောင်အေးလှဟာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ဧပြီ ၆ ရက်က အလုပ်လုပ်ဖို့ အကြောင်းပြချက်နဲ့ ခေါ်ဆောင်သွားခဲ့ပြီး အဆိုပါညမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကိုလည်း လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ မဖွယ်မရာ ပြုလုပ်ဖို့ ခိုင်းစေခဲ့တာကြောင့် DLEPS က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။











