DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သား ရာချီ အလုပ်ဖြုတ်ခံရ၊ နစ်နာမှုမရှိအောင် အကူညီတောင်းနိုင်
ဇွဲသစ်
·
March 26, 2026
အထပ်သားစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သားများ။ (Photo: MHAC မဟာမိတ်အဖွဲ့)
အထပ်သားစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သားများ။ (Photo: MHAC မဟာမိတ်အဖွဲ့)
Donate to DVB

ထိုင်းနိုင်ငံအတွင်း စက်ရုံအချို့မှာ အော်ဒါ ရရှိမှုနည်းတာ အပါအဝင် စက်သုံးဆီ အကျပ်အတည်း နောက်ဆက်တွဲကြောင့် အလုပ်သမားတွေ ရာနဲ့ချီ အလုပ်ဖြုတ်ခံရတာတွေ ဆက်တိုက်ရှိလာပြီး၊ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်ရှာဖို့ ခက်တဲ့ ပြဿနာကို ရင်ဆိုင်နေကြပါတယ်။

မတ် ၂၂ ရက်က ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ အထပ်သားပြားစက်ရုံတခုမှာ မြန်မာလုပ်သား အယောက် ၂၀၀ ဝန်းကျင်ကို ကြိုတင်အသိပေးတာမရှိဘဲ အလုပ်က ဖြုတ်လိုက်ပြီးနောက် လုပ်သားတချို့က လုပ်အားခမရတာ၊ လစဉ်ကြေးတွေ ဖြတ်တောက်ခံရတာစတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေလည်း ကြုံခဲ့ပါတယ်။

အဲဒီထဲက အထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားခဲ့တဲ့ အလုပ်သမား အယောက် ၅၀ ကျော်ဟာ နယ်မြေခံ အလုပ်သမား ကာကွယ်ရုံးကို သွားရောက်တိုင်ကြားခဲ့ပြီး မတ် ၂၄ ရက်မှာ နစ်နာကြေးနဲ့ လုပ်အားခ စုစုပေါင်း ဘတ် ၃ သိန်းကျော် ပြန်လည် ရရှိခဲ့ကြပါတယ်။

MHAC အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “အခုချိန်မှာ အလုပ်တွေလည်း ရှာရခက်တယ်။ အလုပ်ပြုတ်တာတွေလည်း ဆက်တိုက်ဖြစ်နေတယ်။ အကြောင်းမဲ့ အလုပ်ပြုတ်သွားရင် ထိုင်းအစိုးရဘက်က ထိုက်သင့်တဲ့ ထောက်ပံ့ကြေး၊ နစ်နာကြေးတွေ အလုပ်ရှင်က မပေးတောင်မှ သူတို့ ပေးမယ်ဆိုတဲ့ အခြေအနေမျိုး၊ ရန်ပုံငွေမျိုးတွေ ရှိတယ်။ အဲဒါတွေတော့ တဆင့်ချင်း လုပ်သွားရမယ်။ မြို့နယ်တွေ၊ ခရိုင်တွေမှာ အလုပ်သမား ဖြေရှင်းရေးရုံးတွေက တနယ်နဲ့ တနယ် မတူဘူး။ မူဝါဒတွေ အနည်းငယ် လွဲချော်မှုတွေ ရှိတယ်။ အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကို အလုပ်သစ်တွေတော့ ရှာမပေးနိုင်ဘူး။ အလုပ်ပြုတ်သွားလို့ နစ်နာကြေး မရတာထက်စာရင် ကျနော်တို့ အလုပ်ပြုတ် နစ်နာကြေးရအောင် တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်ပေးနေပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်းကလည်း ဆီဈေးမြင့်တက်လာတာကို အကြောင်းပြပြီး လှေပိုင်ရှင်တချို့က နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာတဲ့ လှေလုပ်သားတွေကို ရုတ်တရက် အလုပ်ဖြုတ်ပစ်တယ်လို့ သိရပါတယ်။

လှေပေါ်မှာ လုပ်ကိုင်လာတဲ့ လုပ်သားအချို့ဟာ အလုပ်သက်တမ်း ၃၀ နှစ်မှ ၄၀ နှစ်အထိ ရှိနေပြီး လက်ရှိ အလုပ်ပြုတ်လှေလုပ်သား ၂၀ ကျော်ဟာ အကူအညီရရှိဖို့ MHAC မဟာမိတ်အဖွဲ့ထံ ဆက်သွယ် အကူအညီတောင်းထားပါတယ်။

မတ် ၁၀ ရက်ကလည်း ချွန်ဘူရီခရိုင် လယောင်မြို့က အီလက်ထရောနစ် စက်ရုံတရုံမှာ မြန်မာလုပ်သား ၄၇၀ ကျော်ကို  ကြိုတင် အကြောင်းမကြားဘဲ အလုပ်ဖြုတ်ခဲ့ပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ မြန်မာလုပ်သားတယောက်က “စမတ်ကြေးတွေ တယောက်ကို ဘတ်သောင်းကျော် ယူပြီး လူတွေ သွင်းတယ်။ ပြီးရင် ၁၄၊ ၁၅ ရက်ပဲ လုပ်ရသေးတယ်။ အလုပ်လည်း သေချာ လုပ်ရဲ့သားနဲ့ ဖြုတ်ပစ်တာ။ ပြီးရင် တချို့လူတွေဆိုရင် အဲဒီ အလုပ်လုပ်ခဲ့တဲ့ ၁၄၊ ၁၅ ရက်စာ လုပ်ခလစာတွေလည်း မရဘူး။ စမတ်ကြေးလည်း တပြားမှ ပြန်မရဘူး။ အလုပ်သမားတွေကို အခုလို ရာနဲ့ချီ အလုပ်ဖြုတ်ပစ်တာတော့ မကောင်းဘူး။ တကယ့်တကယ် ထိုင်းမှာ စက်ရုံတရုံ ဝင်ဖို့ဆိုတာလည်း စမတ်ကြေးက အများကြီး ပေးနေရတာဆိုတော့ တရုံနဲ့ တရုံ ဝင်ဖို့ အဆင်မပြေဘူး။ လွယ်လွယ်နဲ့ မရဘူး။ ဒါတွေ ခက်ခဲတာပေါ့။ အလုပ်ဝင်ပြီဆိုလည်း ပွဲစားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ခေါ်စေချင်တယ်”လို့ ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ အလုပ်ဖြုတ်ခံရချိန်မှာ မနစ်နာအောင် အလုပ်စာချုပ်၊ လစာ စာရင်း၊ ပတ်သက်တဲ့ အထောက်အထားတွေ သိမ်းဆည်းထားဖို့၊ အကြောင်းမဲ့ အလုပ်ဖြုတ်ခံရတာတွေကို ချက်ချင်း တိုင်ကြားကြဖို့၊ ယုံကြည်ရတဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို ဆက်သွယ် အကူညီတောင်းဖို့ အကြံပြုထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၇ သန်းနီးပါး ပုံစံမျိုးစုံနဲ့ နေထိုင် လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013