
ထိုင်းနိုင်ငံမှာ စက်သုံးဆီဈေးခုန်တက်တာနဲ့အတူ ကုန်ဈေးနှုန်းတွေလည်း လိုက်ပြီးမြင့်တက်လာတာကြောင့် အစိုးရအနေနဲ့ ဒီပြဿနာကို ဖြေရှင်းပေးဖို့ အလုပ်သမားနဲ့ လူထုလူ တန်းစားအဖွဲ့တွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ထိုင်းအလုပ်သမားသမဂ္ဂ၊ အလုပ်သမားများကွန်ရက်အဖွဲ့၊ ပြည်သူ့ဒီမိုကရေစီအဖွဲ့ စတဲ့ အခြေခံလူတန်းစားအဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ ဧပြီ ၂ ရက် ဒီမနက် ၉ နာရီက ဘန်ကောက် စွမ်းအင်ဝန်ကြီးဌာနရှေ့မှာ စုဝေးခဲ့ပါတယ်။
အဲဒီနောက် စက်သုံးဆီဈေးတက်မှုကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကြွေးကြော်ကာ အစိုးရအနေနဲ့ ဒီပြဿနာကို ဖြေရှင်းပေးဖို့ အကြံပြုတိုက်တွန်းချက်ပါ စာတစောင်လည်း ပေးပို့ခဲ့ ပါတယ်။
အဆိုပါတောင်းဆိုမှုတွေမှာ ရေတိုပြဿနာအတွက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ကျဆင်းနေပြီ ဖြစ်တာကြောင့် လောင်စာဆီဈေးနှုန်းတွေကို အရေးပေါ် ရပ်တန့်ထားတာ ဒါမှမဟုတ် လျှော့ချပေးတာ လုပ်ဖို့။ ရေရှည်ပြဿနာဖြေရှင်းရေးမှာတော့ စက်သုံးဆီ စွမ်းအင်ဈေးနှုန်းဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲပြီး အခွန်ကောက်ခံမှု ပွင့်လင်းမြင်သာရှိဖို့၊ သင့်လျော်သော အမြတ်အစွန်းကိုသာ ထိန်းချုပ်ဖို့၊ ပြည်တွင်းစွမ်းအင် လိုလားချက်နဲ့ လိုက်လျောညီထွေစွာ အရင်းမြစ်တွေကို စီမံခန့်ခွဲဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် PTT စက်သုံးဆီ ကုမ္ပဏီဟာ နိုင်ငံတော်ပိုင်ဖြစ်ပေမဲ့ ပြည်သူ့အကျိုးကိုထက် အမြတ်အစွန်းကို အဓိကထားတဲ့ ပုဂ္ဂလိကဆန်နေတယ်။ ဒါကြောင့် ပြည်သူ့ပေါ်အခြေပြုတဲ့ တရားမျှတသော မူဝါဒချမှတ်ပြီး နိုင်ငံတော်ထိန်းချုပ်မှုအောက် အပြည့်အဝပြန်ရောက်အောင် ဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
Source: Thairath / Thainews








