
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် မဟာဝမ်းအုပ်စုထဲမှာ မတ် ၃၁ ရက် မနက်က မြန်မာဘက်ခြမ်း မြဝတီမြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲက လက်နက်ကျည်တွေ ကျလာတာကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးသလို ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ် ခလရ ၂၂ လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ မြန်မာဘက်ခြမ်း မြဝတီခရိုင် ဝေါလေဒေသဘက်မှာ မနေ့ မနက်စောစောကတည်းက ပစ်ခတ်နေကြတာဖြစ်ပြီး လက်နက်ကျည်တွေဟာ မဟာဝမ်းအုပ်စု နယ်မြေ ၉၊ မဲ့ကိုးကင်းရွာထဲကို ကျလာတာလို့ ဆိုပါတယ်။
လက်နက်ကျည်တွေ အဆက်မပြတ် ကျလာတာကြောင့် ရွာထဲမှာ ပုန်းရှောင်သူတွေ ထွက်ပြေးသူတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ထိုင်း ၂ ယောက်နဲ့ မြန်မာ ၄ ယောက် လက်နက်ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်။ မြန်မာ ၄ ယောက်မှာ အသက် ၄၈ နှစ်ရွယ် အမျိုးသမီးနဲ့ အသက် ၇ နှစ် မှ ၁၃ နှစ်ရွယ် ကလေး ၃ ယောက်ဖြစ်ပြီး ၃ ယောက်က ဒဏ်ရာပြင်းထန်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့က မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်၊ ထိုင်း ၂ ယောက်ကတော့ ခြေထောက်မှာ ဒဏ်ရာအနည်းငယ်သာရပြီး မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်း၊ နရေးဆွန်စစ်ကြောင်း၊ မဲဆောက်ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မဲ့ကိုးကင်းရွာကို ရောက်ရှိလာပြီး အပျက်အစီးတွေ စစ်ဆေးသလို ရွာသားတွေကို နှစ်သိမ့်အားပေးခဲ့ကြပါတယ်။
အဆိုပါလက်နက်ကျည်တွေဟာ ဘယ်ဘက်က ပစ်လိုက်တာမှန်းမသိပေမဲ့ ထိုင်းစစ်တပ်ဘက်ကတော့ ၁၂၀ မမ မီးခိုးကျည်နဲ့ ၄ ကြိမ် ပြန်လည်ပစ်ခတ် သတိပေးလိုက်တယ်၊ ပစ်ခတ်မှုတွေကြောင့် ထိုင်းဘက်ခြမ်းနေပြည်သူတွေ နောက်ထပ် ထိခိုက်မှုမရှိစေဖို့ နယ်စပ်နဲ့ ဝေးကွာတဲ့ နေရာဘက်ကို နောက်ဆုတ်ပြီး ပစ်ခတ်ပေးဖို့ TBC နှစ်နိုင်ငံ နယ်ခြားပူးတွဲကော်မတီကနေတဆင့် တောင်းဆိုထားတယ်လို့ ရာ့ချမနူးစစ်ကြောင်းမှူး ဗိုလ်မှူးကြီး ချနကန်းဆာဆိုင်ဆွန်က သတင်းထောက်တွေကို ပြောပါတယ်။
မဲ့ကိုးကင်းရွာသားတွေက ဘေးကင်းရာ အနီးအနားကျေးရွာရှိ ဆွေမျိုးတွေဆီ ခေတ္တတိမ်းရှောင်ကြသလို ဖုပ်ဖရမြို့နယ်၊ ဝေါလေနေကျေးရွာဘက်မှာလည်း မြန်မာဘက်ခြမ်းက စစ်ဘေးရှောင် ၃၀၀ လောက် ရောက်လာကြတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းမြေထဲကို လက်နက်ကြီးကျတာကြောင့် ထိုင်းစစ်တပ်ဘက်ကလည်း ၁၂၀ မမ ၇ လုံး မြန်မာပြည်ဘက်ကို ပြန်ပစ်ရာမှာ စွယ်တော်ကုန်းမှာ ၆ လုံး ကျရောက်ပေါက်ကွဲခဲ့သလို နောက်တလုံးကတော့ မင်းလက်ပံရွာ မြောက်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Source: siamrath / Thairath / One News








