
မြန်မာနိုင်ငံသားတွေ သိန်းချီရှိတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့်ကို ရောက်နေတဲ့အတွက် အပြင်ထွက်တာတွေရှောင်ဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားသလို မြန်မာတွေအနေနဲ့ ကျန်းမာရေးသတိပေးချက်တွေ လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ချင်းမိုင်မြို့မှာ မီးခိုးမြူ P.M 2.5 အဆင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအဆင့်ကို ကြုံနေတာ ဒီနေ့နဲ့ဆိုရင် ၅ ရက်ကျော်အထိ ရှိလာနေပါပြီ။
P.M 2.5 ဆိုတာဟာ လူတွေမျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်တဲ့ မီးခိုးမြူမှုန် အသေးငယ်တွေပါ။
ဆံပင်တချောင်းရဲ့အထူထက် အဆ ၃၀ လောက်သေးငယ်ပြီး လေထဲမှာရှိနေတဲ့အတွက် အသက်ရှူတဲ့အခါ အဆုတ်ထဲထိ တိုက်ရိုက်ဝင်ကာ အသက်ရှူရခက်တာ၊ မျက်စိယားယံ ခေါင်းကိုက်တာတွေနဲ့ အဆုတ်ရောဂါ၊ နှလုံးရောဂါ ဖြစ်နိုင်တဲ့အထိ ခံစားရနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိနေတဲ့အဆင့် ဖြစ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေက မလိုအပ်ဘဲ အပြင်မထွက်ဖို့ သတိပေးနေသလို ချင်းမိုင်မှာရှိနေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အနေနဲ့လည်း ကျန်းမာရေး သတိရှိကြဖို့ ချင်းမိုင်ရောက် မြန်မာဆရာဝန်တယောက်က အသိပေးထားပါတယ်။
“သူက ရိုးရိုးဖုန်မှုန့်ထက်စာလို့ရှိရင် ပိုပြီးတော့ အန္တရာယ်များတယ်။ ဘာလို့လဲဆိုရင် ဟိုးအဆုတ်ရဲ့ အတွင်းပိုင်း လေအိတ်သေးသေးလေးတွေအထိ ရောက်သွားနိုင်တယ်။ ဒါ့အပြင် အဲဒီကနေမှ သွေးကြောထဲအထိ ဝင်သွားနိုင်တဲ့အထိ သေးငယ်တယ်။ အဲဒါကြောင့် ပိုပြီးတော့မှ အရေးကြီး ပြောနေရတာ ဖြစ်ပါတယ်။”
လတ်တလော ချင်းမိုင်၊ ချင်းရိုင်းနဲ့ အရှေ့မြောက်ပိုင်း အီဆန်ဒေသက ကလေးငယ်အချို့ နှာခေါင်းသွေးယိုတဲ့လက္ခဏာ တွေ့ရှိလာနေပြီး အသက်ရှူကျပ်ပြီး သေဆုံးတဲ့လူနာတယောက် ရှိတယ်လို့ ထိုင်းချန်နယ် ၃ သတင်းမှာ ဖော်ပြပေမဲ့ လူနာနဲ့ပတ်သက်တဲ့ အချက်အလက် အသေးစိတ်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
ချင်းမိုင်မြို့ရဲ့ ချန့်ဖိုတ်ရပ်ကွက်မှာလည်း P.M 2.5 ရဲ့ သိပ်သည်းမှုဟာ ၁၀၅ မိုက်ခရိုဂရမ်ရှိနေပြီး အဲဒါဟာ အနီရောင်အဆင့်နဲ့ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ဖြစ်နေတာကို ညွှန်ပြနေပါတယ်။
ဒါကြောင့် ချင်းမိုင်ခရိုင်အတွင်းက ဟော့ဒ်၊ စမိုင်၊ ချင်းဒေါင်၊ မယ်ဝမ်၊ မယ်တင်နဲ့ ဒွိုင်စကက် စတဲ့ ၆ မြို့နယ်ကို အရေးပေါ် ကူညီကယ်ဆယ်ရေးဇုန်တွေအဖြစ် ထပ်မံသတ်မှတ်လိုက်ပါတယ်။
ဒွိုင်စကတ်မြို့နယ်ထဲမှာနေနေတဲ့ အသက် ၇၈ အရွယ် သက်ကြီးပိုင်းတယောက်က “အထဲမှာနေတာတောင်မှ အသက်ရှူလို့မဝဘူး။ ညအိပ်ရင်လည်း တခါတလေ လန့်လန့်နိုးတယ်။ အသက်ရှူမဝတော့ အဆုတ်ကလည်း ကျပ်ချင်သလိုလို ဖြစ်လာတယ်။ လည်ချောင်းတွေနာတယ်။ လက်တွေ ခြေတွေ တုန်ပြီး တခါတခါကျ မလှုပ်ချင်ဘူး။ ခဏလေးဖြစ်ဖြစ် အိမ်သာသွားပြီး ပြန်လာတာတောင် မောနေတယ်” လို့ ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ချင်းမိုင် အပါအဝင် လေထုညစ်ညမ်းမှု ဆိုးရွားနေတဲ့ ခရိုင် ၁၇ ခုမှာ တောမီးလောင်တာတွေ၊ မီးခိုးမြူပိတ်ဆို့နေတာတွေကို ထိထိရောက်ရောက်ဖြေရှင်းဖို့ ညွှန်ကြားထားပြီး တောမီးရှို့တာ၊ တောင်ယာမီးရှို့တာတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ လုပ်ဆောင်နေကြပါတယ်။
လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ အရေးကြီးကိစ္စမရှိပါက အပြင်မထွက်ဖို့၊ အပြင်ထွက်ဖို့ လိုအပ်ပါက နှာခေါင်းစည်းတွေ တပ်ကြဖို့၊ ဟင်းလင်းပြင်နေရာတွေ ရှောင်ရှားဖို့၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ အခြေအနေရှိပါက ချက်ချင်း ဆရာဝန်နဲ့ပြသဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
မောရစ်








