DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် မိုးခေါင်မှုကြောင့် သီးနှံစိုက်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
December 27, 2020
ကနီမြို့နယ်တွင် မိုးခေါင်မှုကြောင့် သီးနှံစိုက်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ မိုးခေါင်တာကြောင့် သီးနှံစိုက်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ကနီမြို့နယ်စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးမျိုးနိုင်က “ကျနော်တို့ ကုန်းပိုင်းကျတော့ မိုးရေလည်း မရ၊ သွင်းရေလည်း မရတော့  တံစဉ်လွတ်ပျက်စီးဆုံးရှုံးတယ်။ မိုးလို၊‌ မိုးခေါင်လို့ ပျက်စီး ဆုံးရှုံးမှုက ၁၀၉၈ ဧကရှိပါတယ်။ ပျက်စီးဆုံးရှုံးတဲ့ အရာတွေကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစာရင်း ကောက်ယူပြီး အထက်ကို တင်ပြထားပါတယ်။ ဒီလိုမိုးခေါင်လို့‌ တောင်သူ‌တွေရဲ့ သီးနှံတွေ နောက်နှစ်တွေမှာ မဆုံးရှုံးရအောင် ရေတွင်းတွေ တူးဖော်ပြီး စိုက်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့ စိုက်ပျိူးရေးဌာနအနေနဲ့ တောင်သူတွေ‌ နောက်နှစ်တွေမှာ ဒီလိုမဆုံးရှုံးရအောင် ရေတွင်းတွေ တူးပေးဖို့ တောင်းဆိုထားတာလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်း အိမ်ထောင်စု ၇၆၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်တဲ့ ခုံကြီးကျေးရွာအုပ်စုက စိုက်ပျိုးထားတဲ့ ပဲကြီးသီးနှံ ပျက်စီးမှုအများဆုံးဖြစ်တယ်လို့ ခုံကြီးအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က DVB ကို ပြောပါတယ်။

“ကျနော့်အုပ်စုထဲမှာ ထူးထူးခြားခြား သီနှံအများဆုံး ပျက်စီးနေတယ်။ ဘာကြောင့် ပျက်စီးရလဲ ဆိုရင်တော့ ဒီနှစ် အဆမတန်မိုးခေါင်တယ်။ အဲလိုမိုးခေါင်တော့ တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးပင်တွေ ရေဓာတ်ဆုံးရှုံးပြီးတော့ အားအင်တွေမပြည့်ဝတော့ ရောဂါပိုးတွေ ဝင်လာပြီး တောင်သူတွေရဲ့ သီးနှံတွေ ရာနှုန်းပြည့်ဆုံးရှုံးသွားပါပြီ။ အရင်နှစ်က ပါဟဲရွာရဲ့ ပဲကြီး အထွက်နှုန်းကတော့ တင်းရေ ၂၀,၀၀၀ ကျော်ထွက်တယ်။ ဒီလို တောင်သူ‌တွေ သီးနှံပျက်စီး ဆုံးရှုံးသွားတော့ အခက်အခဲတွေက နံပါတ် ၁ အနေနဲ့ မြိုနယ်စိုက်ပျိုးရေးဘဏ်ကနေ ချေးယူထားတဲ့ ချေးငွေတွေ ပြန်လည်ဆပ်ဖို့ရာ ခက်ခဲသွားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက အခုလို မဖြစ်ခဲ့ဖူးဘဲ အခုနှစ်မိုးခေါင်တာကြောင့် စိုက်ပျိုးထားတဲ့ ပဲသီးနှံတွေ ပျက်စီးခဲ့တာဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေကြတယ်လို့ ပါဟဲကျေးရွာ တောင်သူ ဦးဝင်သိန်းက ပြောပါတယ်။

ခုံကြီးအုပ်စုက ကျေးရွာအားလုံးဟာ ပဲကြီးသီးနှံကို အားထားစိုက်ပျိုးကြပြီး သီးနှံ ပျက်စီး ဆုံးရှုံးလို့ စားဝတ်နေရေးနဲ့ စိုက်ပျိုးစရိတ်ပေးဆပ်ဖို့ အခက်ကြုံနေကြကာ ရပ်ကျေးစိုက်ပျိုးရေး တာဝန်ရှိသူတွေကို အချိန်နောက်ဆုတ်ပေးဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

ကနီမြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၈ အုပ်စုရှိပြီး စိုက်ပျိုးဘဏ် မိုးချေးငွေ သိန်းပေါင်း ၆၁,၀၀၀ ခန့်၊ ဆောင်းချေးငွေသိန်းပေါင်း ၁၄၀၀၀‌ ကျော်ရှိတယ်လို့ သိရပါတယ်။

ကနီမြို့နယ်စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးဇော်လင်းအောင်က “ကျနော်တို့ဘဏ်ဘက်ကတော့ အတိုးရော/အရင်းပါချေးငွေကို ကောက်ခံမယ်၊ လက်ရှိအချိန်အထိပေါ့ဗျာ။ အထက်က ညွှန်ကြားမှု တစုံတရာရှိခဲ့ရင်တော့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရမယ်” လို့ ပြောပါတယ်။

တောင်သူတွေ သီးနှံပျက်စီးပြီး အခက်အခဲကြုံနေတဲ့အပေါ် ကနီမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ယင်းမာပင်ခရိုင်အတွင်းက မြို့နယ်တွေသာမက ဘုတလင်မြို့နယ်တို့မှာ သီးနှံပျက်စီးဆုံးရှုံးမှု ဧကထောင်နဲ့ချီရှိပြီး ပြည်ထောင်စုအစိုးရ သိအောင် တင်ပြပေးသွားမယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၀ ပြည့်နှစ်မှာ မိုးရွာသွန်းမှု နည်းတာကြောင့် သီးနှံပျက်စီး ဆုံးရှုံးတာတွေအပြင် တချို့ကျေးရွာတွေမှာ သောက်သုံးရေရှားပါးမှုဒဏ်လည်း ခံနေရတယ်လို့  သိရပါတယ်။

သတင်း - ကိုကျော်မင်းသန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013