
အလယ်ဥရောပမှာ အပြင်းအထန် မိုးခေါင်နေလို့ သီးနှံအထွက်နှုန်းကို ထိခိုက်နေကာ တိရစ္ဆာန်အစာတွေ ရှားပါးပြီး ပိုစျေးကြီးလာလို့ ချက်သမ္မတနိုင်ငံက လယ်သမားတွေက သူတို့ နွားအုပ်တွေကို ကျွေးမွေးရသက်သာအောင် လျှော့ချနေကြပါတယ်။
“ကျနော်တို့က အဓိကအနေနဲ့ နို့စားနွားတွေရဲ့ ကျန်းမာရေးကို သေချာစေရမယ်” လို့ ပရာ့ဂ်မြို့တော်ရဲ့ အရှေ့တောင်ဘက် ၉၀ ကီလိုမီတာအကွာက နွား ၂,၉၀၀ ရှိပြီး မြေဧက ၂,၆၀၀ ဟက်တာရှိတဲ့ အာဂရိုပေါ့ဒ်နစ် ကိုစတီစီခြံရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဇဒီနက် ဒူဖက်ခ်က ပြောပါတယ်။
သူ့ခြံက နို့စားနွား ၁,၀၀၀ လောက်နဲ့ အသားအတွက် နွားထီး ၆၀၀ လောက်အပြင် နွားငယ်တွေဟာ တနှစ်ကို မြက်ခြောက်တန်ချိန် ၁၁,၀၀၀ လောက် လိုတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျန်တဲ့ မြက်ခြောက်တန်ချိန် ၃,၀၀၀ လောက် ရှိပေမဲ့ ခြံအတွက် နောက်ထပ် တန်ချိန် ၁,၅၀၀ လောက် လိုဦးမှာဖြစ်ပြီး လက်ရှိဈေးနှုန်းတွေကြောင့် နွားထီးတွေကို စောစောစီးစီး သားသတ်ရုံပို့ပြီး နွားပေါက်လေးတွေကို ရောင်းချတာက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေပါတယ်။
ချက်လယ်သမားတွေအတွက် မြက်ခြောက်ဈေးနှုန်းက အကြိမ်ပေါင်းများစွာ မြင့်တက်လာတယ်လို့ ချက်စိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ မာတင် ပီချာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
နွားအုပ်တွေကို လျှော့ချတာက ပိုကျယ်ပြန့်တဲ့ တုံ့ပြန်မှုတခုဖြစ်ပြီး သူတို့နဲ့ အစိုးရက လယ်သမားတွေအတွက် အကူအညီပေးဖို့ ဥရောပသမဂ္ဂဆီ မေတ္တာရပ်ခံနေတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
အခုနှစ်မှာ အဓိကကုန်စည်တွေအတွက် ဝင်ငွေ ခရိုနာ ၂၀ ဘီလီယံ (ဒေါ်လာ ၉၆၈ ဒသမ ၁၀ သန်း) လောက် ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။
Source: Reuters











