
စစ်အာဏာရှင်သမ္မတ ရုံးစိုက်တဲ့ နေပြည်တော်မှာ သောက်ရေသန့်ဈေးပါ မြင့်တက်လာပြီး ရေသန့် ၂၀ လီတာ တဘူးကို ကျပ် ၂,၅၀၀ အထိ ဈေးတက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁ ရက်က စတင်ပြီး ၂၂ ရက်အထိ နေပြည်တော်မှာ ပုံမှန် ကျပ် ၉၀၀ ကနေ ၁,၀၀၀ သာရှိတဲ့ ၂၀ လီတာ ရေသန့်တဘူးကို ကျပ် ၂,၀၀၀ ကနေ ၂,၅၀၀ အထိ ဈေးတက်လာတယ်လို့ ဆိုပါတယ်။
နေပြည်တော် တပ်ကုန်းမြို့နယ် ဒေသခံတယောက်က “အကုန်ဈေးတက်နေတာ။ အခု ရေပါ ဈေးတက်လာတယ်။ ငွေကြေးပြည့်စုံသူတွေအတွက် ကိစ္စမရှိပေမဲ့ တနေ့လုပ် တနေ့စား မိသားစုများသူတွေအတွက် အခက်အခဲရှိတယ်” လို့ ပြောပါတယ်။
အဆိုပါ ရေသန့်တွေ ဈေးနှုန်းမြင့်တက်လာတာဟာ စစ်အာဏာရှင်သမ္မတ လက်အောက်ခံ လျှပ်စစ်ဌာနက မီးအလှည့်ကျစနစ်နဲ့ ပေးနေတာ၊ စက်သုံးဆီ အချိန်ကြာမြင့်အောင် တန်းစီထုတ်ယူနေရတာ၊ ဆီလိုသလောက် မရတာ၊ ရေသန့်လုပ်ငန်း လည်ပတ်နိုင်ဖို့ ပြင်ပဈေးကွက်ကနေ ဆီဝယ်သုံးရတာ၊ ပြင်ပဈေးကွက်မှာ ဆီဈေးနှုန်းအမြင့်ဈေးနဲ့ ဝယ်ရတာ စတဲ့အခက်အခဲ အခြေအနေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်က ရေသန့်ကိုယ်စားလှယ် အရောင်းအဝယ်လုပ်သူတယောက်က “ရေသန့်အတွက် သယ်ယူစရိတ်က အရင်ထက် ကုန်ကျမှုများလာလို့ ရေသန့်ဈေးနှုန်းတွေပါ လိုက်တက်လာတာ။ စက်သုံးဆီ ပြဿနာက အဓိကပေါ့” လို့ ပြောပါတယ်။
လတ်တလော ရေသန့်ဈေး တက်လာပေမဲ့ အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး နေပြည်တော် တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး စတဲ့ဒေသတွေ အပါအဝင် ဒေသခံအများစုဟာ သောက်ရေသန့် လီတာ ၂၀ ဘူးတွေကို အဓိက ဝယ်ယူသောက်သုံးကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ မြင့်တက်နေတဲ့ သောက်ရေသန့် လီတာ ၂၀ တဘူးကို ကျပ် ၂,၅၀၀ အထိ ဈေးဟာ အိမ်အရောက်ပို့ပေးတဲ့ စနစ်ဈေးဖြစ်ပြီး စက်သုံးဆီဈေး ထပ်တက်လာပါက ရေသန့်ဈေးပါ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။










