DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ အများပြည်သူသုံး ရွာသစ်ဆိပ်ကမ်းကို တစ်ဦးပိုင်ချပေးသဖြင့် ဒေသခံများ ကန့်ကွက်
DVB
·
December 26, 2020
ကျောက်ဖြူ အများပြည်သူသုံး ရွာသစ်ဆိပ်ကမ်းကို တစ်ဦးပိုင်ချပေးသဖြင့် ဒေသခံများ ကန့်ကွက်
Donate to DVB

ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ အများပြည်သူအသုံးပြုနေတဲ့ ရွာသစ်ဆိပ်ကမ်းကို တစ်ဦးပိုင်အဖြစ် ချပေးလိုက်တဲ့အပေါ်  ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

ငလပွေ့ရပ်ကွက် ရပ်မိရပ်ဖ ဦးအေးကျန်အောင် “မရှိဆင်းရဲသားတွေ အများသူတွေဟာ ဒီဆိပ်ကမ်းကို အမှီပြုပြီးတော့ လုပ်ကိုင်စားသောက်နေကြတာကြောင့် ဒီဆိပ်ကမ်းက ငလပွေ့အတွက် မရှိမဖြစ် အဓိကလိုအပ်တဲ့ ဆိပ်ကမ်းတခု ဖြစ်တယ်။ ဟိုဘက် ပျားတဲ၊ ရှောက်ချောင်း၊ ကပ်သပြေတို့ကလည်း ဒီဆိပ်ကမ်းကိုပဲ အသုံးပြုနေကြရတယ်။ အဲဒီအတွက်ကြောင့် ဒီနေရာမှာ တခြားလူတစ်ဦးတစ်ယောက် ဝင်လာလို့ ဖောင်တော်တွေ၊ ဘာတွေ လုပ်လာမယ်ဆိုရင် ကျနော်တို့ရပ်ရွာအနေနဲ့တော့ လက်မခံနိုင်ဘူး။ ဒီဆိပ်ကမ်းသာမရှိရင် ရပ်ရွာသူရပ်ရွာသားတွေဟာလည်း စားဝတ်နေရေး အဆင်မပြေတာတွေ ဖြစ်လာမယ်၊ အများပြည်သူတွေဟာ ဒီဆိပ်ကမ်းကို အမှီပြု လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

အမ်းမြို့နယ်နေ ဦးဖေကြည် ဆိုသူက ပုံစံအထောက်အထားတွေ လာပြပြီး သူ ပိုင်ဆိုင်ကြောင်း ပြောလာတာကြောင့် ကျေးရွာတွေနဲ့ ပြဿနာဖြစ်နေတယ်လို့ ငလပွေ့ရပ်ကွက်နေ ဦးစံနုအောင်က ပြောပါတယ်။

“ဒီနေ့မနက်လည်း ခြံစည်းရိုး လာကာတဲ့အတွက် ကျေးရွာတစ်ရွာလုံးနဲ့ ဖြစ်တယ်၊ အဲဒီလို အနေအထားတွေ ရှိတယ်။ ငလပွေ့ကျေးရွာ ဒီငလပွေ့ရပ်ကွက်မှာ အိမ်ခြေ ၅၀၀ ကျော် ၆၀၀ လောက်ရှိတဲ့အနက်မှာ ၃၀၀ ကျော်လောက်ဟာ ဒီချောင်းကို မှီခိုပြီး လုပ်စားနေတဲ့ လုပ်ငန်းတွေ ဖြစ်နေတဲ့ ဒီဆိပ်ကမ်းမရှိရင် ငလပွေ့ရပ်ကွက် တစ်ရပ်ကွက်လုံးတောင်မှ အကုန်လုံး ပြိုပျက်သွားနိုင်တဲ့ အဆင့်ရှိပါတယ်” လို့ ပြောပါတယ်။

အများပြည်သူ အသုံးပြုနေတဲ့ ဆိပ်ကမ်းမြေနေရာကို ဦးဖေကြည်ဆိုသူက ၂၀၁၄ ခုနှစ်ကတည်းက ဆိပ်ကမ်းတစ်ခု တည်ဆောက်အသုံးပြုနိုင်ဖို့ လျှောက်ထားခဲ့တာလို့ ကျောက်ဖြူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့စာရင်းအင်းဦးစီးဌာနမ ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဦးဖေကြည်ကတော့ ၂၀၁၄ မှာ စလျှောက်တာ တွေ့ရပါတယ်၊ ၂၀၁၉ ဇွန်လမှာ လုပ်ပိုင်ခွင့်ကျလာတာ တွေ့ရပါတယ်။ အခုကန့်ကွက်လွှာတင်တယ်ဆိုတာက ၂၀၂၀ မှ လာပြီးတော့ ဦးဖေကြည် ကျတာကို ကန့်ကွက်တာတွေ့ရတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆင်းပြီးတော့ ကျနော်တို့ အပေါ်ကို တင်ပေးထားတယ်။ ဒါပေမဲ့  သူတို့ ကန့်ကွက်တာတော့ နောက်ကျတာပေါ့၊ ခွင့်ပြုပြီးမှ ကန့်ကွက်သလိုမျိုး ဖြစ်နေတယ်၊ အဲဒီလိုမျိုး တွေ့ရပါတယ်။”

အဆိုပါ ဆိပ်ကမ်းမြေနေရာကို တစ်ဦးတစ်ယောက်ပိုင်အဖြစ် လုပ်ပိုင်ခွင့်ပြုလိုက်ပါက ဒေသခံတွေအတွက် မှီခိုစားသောက်နေတဲ့ နေရာမရှိတော့မှာကို စိုးရိမ်ပြီး ဒေသခံတွေက ကန့်ကွက်နေကြတာပါ။

အဲဒီမြေနေရာကို လျှောက်ထားခဲ့စဉ်က ဥပဒေနဲ့အညီ လျှောက်ထားခဲ့တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြတဲ့အပေါ် ဦးဖေကြည်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း - နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013