ခရစ္စမတ်အကြိုဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်ပြီး အကျဉ်းချုံး ကျင်းပ
DVB
·
December 25, 2020

ဒီဇင်ဘာလ ၂၄ ရက် ခရစ္စမတ်အကြိုဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဦးဆောင်ပြီး အကျဉ်းချုံး ကျင်းပခဲ့ပါတယ်။
ဝတ်ပြုဆုတောင်းပွဲကို စိန့်ပီတာဘုရားကျောင်း အနောက်ဆောင်မှာ ကျင်းပပြီး ဝတ်ပြုသူ အယောက် ၁၀၀ အောက်နဲ့ ဘုန်းတော်ကြီး အနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် ခရစ္စမတ်အကြို ဝတ်ပြုဆုတောင်းပွဲကို ဘုရားကျောင်း ပင်မဆောင်မှာ ကျင်းပလေ့ရှိပြီး နိုင်ငံပေါင်း ၂၀၀ နီးပါးကိုယ်စားပြုတဲ့ သံတမန်အဖွဲ့တွေ အပါအဝင် ဧည့် ပရိသတ် တစ်သောင်းအထိ တက်ရောက်တတ်ပါတယ်။
အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြိးနဲ့ ဓမ္မတေးဆိုအဖွဲ့ကလွဲပြီး အားလုံးက နှာခေါင်းစည်း တပ်ထားကြပါတယ်။ ဒါ့အပြင် ဝတ်ပြုပွဲ တက်ရောက်သူတွေ ည ၁၀ နာရီ ကာဖျူးချိန် မတိုင်ခင် အိမ်ပြန်နိုင်စေဖို့ ဝတ်ပြုချိန်ကိုလည်း ခါတိုင်းအချိန်ထက် ၂ နာရီစောပြီး စတင်ခဲ့ပါတယ်။
ယေရှုကိုယ်တိုင်က ဆင်းရသားအပယ်ခံအဖြစ် မွေးဖွားလာတာမို့ လိုအပ်သူတွေကို ကူညီကြဖို့ ဧည့်ပရိသတ်တွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။