
အီရန် ထောက်လှမ်းရေးဝန်ကြီး အစ္စမိုင်လ် ခါတိဘ်ဟာ ညတွင်းချင်း တိုက်ခိုက်မှုတခုအတွင်း သေဆုံးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က မတ် ၁၈ ရက်မှာ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ကတ်ဇ်က “အီရန်အစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေဖြစ်တဲ့ လာရီဂျာနီနဲ့ ဘာဆိဂျ် အဖွဲ့ခေါင်းဆောင် ဆိုလေမာနီတို့ကို သုတ်သင်ပြီးနောက်ပိုင်းမှာ အခု ထောက်လှမ်းရေးဝန်ကြီးကိုပါ ထပ်မံရှင်းလင်းခဲ့တာဟာ အစ္စရေးရဲ့ ပြတ်သားတဲ့ မူဝါဒကို ပြသလိုက်တာပါပဲ” လို့ စစ်ဆင်ရေး ထိန်းချုပ်ရေးခန်းမထဲကနေ ပြောပါတယ်။
အီရန်ထောက်လှမ်းရေးဝန်ကြီး ခါတိဘ်ဟာ အီရန်နိုင်ငံတွင်း ဖိနှိပ်မှုတွေနဲ့ အစ္စရေး အပါအဝင် ဒေသတွင်းနိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ လုပ်ကြံသတ်ဖြတ်မှု ယန္တရားတွေကို ဦးဆောင်နေသူ ဖြစ်တယ်လို့လည်း စွပ်စွဲပြောပါတယ်။
သူနဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့ဟာ အစ္စရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားခံရတဲ့ တခြား အီရန်အကြီးတန်းအရာရှိတွေကို နောက်ထပ်ခွင့်ပြုချက် တောင်းစရာမလိုဘဲ သတ်ပစ်နိုင်ကြောင်း ခွင့်ပြုထားတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က ပြောဆိုပါတယ်။
“အီရန်နိုင်ငံထဲက ဘယ်သူ့ကိုမှ ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘဲ လူတိုင်းဟာ ပစ်မှတ်တွေပါပဲ။ ဆက်ပြီးတော့ သူတို့အားလုံးကို ပစ်မှတ်ထားသွားမှာပါ။ ဒီနေ့အတွင်းမှာလည်း စစ်ပွဲအခြေအနေ ပိုမိုတင်းမာလာနိုင်တဲ့ အပြောင်းအလဲကြီးတွေ ဖြစ်လာနိုင်ပါတယ်” လို့လည်း အစ္စရေးလ် ကတ်ဇ်က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အီရန်ဘက်ကတော့ ခါတိဘ် သေဆုံးခဲ့တဲ့သတင်းနဲ့ ပတ်သက်ပြီး တရားဝင် အတည်ပြုချက် မထုတ်ပြန်သေးပါဘူး။
Source: Reuters










