
အမေရိကန်က ကြားဝင်စေ့စပ်ပေးမဲ့ ရုရှား-အမေရိကန်-ယူကရိန်း ၃ နိုင်ငံ ဆွေးနွေးပွဲကို လာမဲ့ နိုဝင်ဘာလထဲ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မြို့တော် အဘူဒါဘီမှာ ကျင်းပဖို့ ရုရှားက စီစဉ်နေပါတယ်။
ဒါပေမဲ့ ကျင်းပမဲ့ရက်အတိအကျကိုတော့ ညှိနှိုင်းနေဆဲပဲလို့ ကရင်မ်လင်အကြံပေး ယူရီ အူရှာကော့ဗ်က အောက်တိုဘာ ၃၀ ရက်က မီဒီယာ အင်တာဗျူးတခုမှာ ပြောပါတယ်။
အူရှာကော့ဗ်ရဲ့ ပြောကြားချက်အရ ရုရှားနဲ့ အမေရိကန်တို့ဟာ ဆွေးနွေးပွဲကျင်းပမဲ့ ရက်စွဲအတွက် စတင် တိုင်ပင်နေကြပြီဖြစ်ပြီး ဒီဆွေးနွေးပွဲဟာ ယူကရိန်းပြဿနာကို ဖြေရှင်းဖို့အတွက် "အဆုံးအဖြတ် ပေးနိုင်တဲ့ အရေးပါမှု" ရှိတယ်လို့လည်း သုံးသပ်ပါတယ်။
အူရှာကော့ဗ်က “ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဥရောပနိုင်ငံတွေကို ဖိတ်မှာ မဟုတ်ဘူး၊ ဘယ်သူကိုမှ လည်း ဖိတ်ကြားဖို့လည်း ရည်ရွယ်ထားတာ မရှိဘူး" လို့ပြောပါတယ်။
ဒါ့ပြင် ကရင်မ်လင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကလည်း တွေ့ဆုံပွဲရက်စွဲ အတည် ဖြစ်သွားတာနဲ့ ရုရှားဘက်က သတင်းထုတ်ပြန်ပေးသွားမယ်လို့ ထပ်လောင်းပြောထား ပါတယ်။
တဖက်မှာလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်းစကီးဟာ အမေရိကန်ဘက်က ရက်စွဲ အတည်ပြုပေးဖို့ စောင့်ဆိုင်းနေပြီး ဒီတွေ့ဆုံပွဲကို နိုဝင်ဘာ ၁၀ ရက် မတိုင်ခင် ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒါပေမဲ့ ဒီဆွေးနွေးပွဲ မတိုင်ခင် စစ်ရေးလှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားဖို့ ရုရှားမှာ ရည်ရွယ်ချက် မရှိ သလို၊ ဆွေးနွေးပွဲအတွက် ပြင်ဆင်နေတာက စစ်ရေးလှုပ်ရှားမှုတွေကို လျှော့ချဖို့ ကတိပြုထား တာမျိုး မဟုတ်ဘူးလို့ ပက်စကော့ဗ်က သောကြာနေ့မှာ ထပ်ပြောထားပါတယ်။
Source: Reuters











