
မကွေးတိုင်းဒေသကြီးအတွင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၄ ယောက်တွေ့ရှိခဲ့ပြီး လူနာစုစုပေါင်း ၂၃၁၀ ယောက်အထိ ရှိလာတာကြောင့် လိုအပ်ပါက အသုံးပြုနိုင်ဖို့ မြို့နယ်အချို့မှာ ယာယီဆေးရုံတွေ ပြင်ဆင်ထားတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ပိုးတွေ့လူနာတွေက အောင်လံမြို့နယ်က အယောက် ၃၀၊ မကွေး ၁၄ ယောက်၊ စလင်း ၇ ယောက်၊ ပခုက္ကူ ၆ ယောက်၊ မြိုင် ၄ ယောက်၊ စေတုတ္တရာ ၄ ယောက်၊ ချောက် ၄ ယောက်၊ ပွင့်ဖြူ ၃ ယောက်၊ ကံမ ၃ ယောက်၊ တောင်တွင်းကြီး ၂ ယောက်၊ မြို့သစ် ၂ ယောက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ရေနံချောင်း၊ ဂန့်ဂေါနဲ့ နတ်မောက်မြို့နယ်တို့က ၁ ယောက်စီ တွေ့ရှိခဲ့တာလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
ပိုးတွေ့လူနာတွေကတော့ ယာဥ်မောင်းယာဥ်နောက်လိုက်တွေအပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိစပ်ခဲ့တာကြောင့် အသွားအလာကန့်သတ်ထားတဲ့ လူနာတွေနဲ့ အနံ့ပျောက်တဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်ဝင်ကံ့ကော် ပုဂ္ဂလိကဆေးရုံက အသိမပေးဘဲ ကိုဗစ်-၁၉ သံသယလူနာ လွှဲပြောင်းခဲ့တာကြောင့် Quarantine ဝင်ပြီး ဓာတ်ခွဲနမူနာပေးပို့ခဲ့တဲ့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းက စေတနာဝန်ထမ်း ၃ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ သိရပါတယ်။
မကွေးတိုင်း မြို့နယ်တချို့မှာလည်း ယာယီ ကိုဗစ်-၁၉ ကုသရေးစင်တာတွေ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
လက်ရှိအခြေအနေ အရ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို သက်ဆိုင်ရာ ဆေးရုံတွေမှာ ကုသပေးနိုင်ပေမယ့် လိုအပ်လာရင် အသုံးပြုနိုင်အောင် ရည်ရွယ်ပြီး မကွေးမြို့ ပညာရေးကောလိပ်၊ နတ်မောက်မြို့ မိုးလုံလေလုံအားကစားကွင်းနဲ့ မြို့နယ်တချို့မှာ ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် ပြုလုပ်ဖို့စီ စဥ်ထားပြီး တိုက်နယ်ဆေးရုံတွေမှာလည်း ကုသနိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
“ကုသရေးပိုင်းအနေနဲ့ တိုင်းအတွင်းကဆေးရုံတွေမှာ အောက်စီဂျင်ပိုက်လိုင်းတွေ သွယ်တန်းထားပြီး တိုင်းအစိုးရရဲ့ အထောက်အပံ့နဲ့ လူနာတင်ခုတင်တွေကိုလည်း ထပ်မံဖြည့်တင်း ကြိုတင်ပြင်ဆင်ထားပြီးတော့ အတည်ပြုလူနာတွေကို သီးခြားကြပ်မတ်ကုသပေးနေတယ်” လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မကွေးတိုင်းဒေသကြီအတွင်းမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃၁၀ ဦးတွေ့ရှိထားပြီး သေဆုံးတဲ့သူ ၅ ဦးရှိတယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-မင်းထီး










