DVB Logo
Home
မြန်မာသတင်း
ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၅၇၀၀ ခန့်ရှိ၍ မျှော်မှန်းချက် ၉၈ ရာနှုန်းရဟု အတိုင်ပင်ခံပြော
DVB
·
December 21, 2020
ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၅၇၀၀ ခန့်ရှိ၍ မျှော်မှန်းချက် ၉၈ ရာနှုန်းရဟု အတိုင်ပင်ခံပြော
Donate to DVB

အခုဘဏ္ဍာရေးနှစ်မှာ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၇၀၀ နီးပါးရှိလို့ ဒီနှစ်မျှော်မှန်းချက်ရဲ့ ရာနှုန်းပြည့်နီးပါးရထားသလို ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ဝင်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ ၂၉ ကြိမ်မြောက်၊ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးမှာ ဗွီဒီယိုနဲ့ မိန့်ခွန်းပြောခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  စိန်ခေါ်မှုတွေ ကြုံတွေ့နေရပေမယ့်လည်း စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းတွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။

“အခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံနီးပါး ရှိတဲ့အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP)အရ ဒီနှစ် မျှော်မှန်းချက်ရဲ့ ၉၈ ရာခိုင်နှုန်းနီးပါး ရရှိပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း  ဒေသတွင်းက ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ စင်ကာပူလိုမျိုး မိတ်ဖက်နိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်နေပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆက်လက်ဝင်ရောက်နေဆဲ ဖြစ်ပါတယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေသတွင်းနိုင်ငံအများစုဟာ ဒီဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်နေကြပြီဖြစ်ပေမယ့်  မြန်မာနိုင်ငံက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းအများစုကတော့ နောက်ကျ ကျန်ရစ်ခဲ့နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော်က ဦးစီးပြီး အစိုးရနဲ့ ပြည်သူတွေအကြား၊ အစိုးရနဲ့ စီးပွားရေး လုပ်ငန်းတွေ အကြား၊   စီးပွားရေးလုပ်ငန်းတခုနဲ့ တခုအကြား၊ ပြည်သူတယောက်နဲ့ တယောက် အကြား ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်လိုအား ရောင်းလိုအားနဲ့အညီ ဒီဂျစ်တယ်နည်းပညာတွေသုံးပြီး ရောင်းဝယ်၊ ငှားရမ်း၊ ဖလှယ်နိုင်ရေးအတွက် တခုတည်းသော ဒီဂျစ်တယ်ပလက်ဖောင်းစနစ်ကို ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ် အကောင်အထည်ဖော်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ဖြန့်ချိရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံတော်အစိုးရအပိုင်းက တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောပါတယ်။

အစိုးရအနေနဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေး ပြည့်ဝရုံသာမက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့  ပွင့်လင်းမြင်သာ၊ ရိုးရှင်းလွယ်ကူ၊  ကြိုတင်ခန့်မှန်းနိုင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့  ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း တရပ်ကို ဖော်ဆောင်ပေးနိုင်ဖို့  ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီလို ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေရဲ့  ရလဒ်ကောင်းအဖြစ်  ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့တဲ့  စီးပွားရေး လုပ်ကိုင်ရာမှာ  လွယ်ကူချောမွေ့မှု ဆောင်ရွက်နိုင်မှုအစီရင်ခံစာ (၂၀၂၀) မှာ မြန်မာနိုင်ငံရဲ့ “စီးပွားရေး လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့မှု  ဆောင်ရွက်နိုင်မှုအဆင့်” ကို အရင်နှစ်က အဆင့် ၁၇၁ သတ်မှတ်ခဲ့ရာကနေ ဒီမှာတော့ ၁၆၅ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဆင့် ၆ ဆင့် တိုးတက်လာခဲ့တဲ့အပြင် တိုးတက်မှုအရှိဆုံး နိုင်ငံ ၂၀ စာရင်းမှာလည်း ပါဝင်လာခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

အရင်က စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေလို့ဆိုရင် ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေကိုပဲ အများစု ညွှန်းဆိုလေ့ရှိခဲ့ကြပေမယ့် အာရှဒေသအတွင်းမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ အမှန်တကယ် ဖြစ်ပေါ်နေပြီး အာရှဒေသထဲက မြန်မာနိုင်ငံအနေနဲ့လည်း တိုးတက်မှုတွေ ဖြစ်ပေါ်ရရှိလာခဲ့တယ်လို့ သူက ပြောပါတယ်။  

ဒီလိုမျိုး တိုးတက်လာတာဟာ အဝတ်အထည်နဲ့ ချည်ထည်လိုမျိုး လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်းတွေ၊ ပို့ကုန်အခြေပြု ကုန်ထုတ်လုပ်ငန်းတွေကြောင့်ဖြစ်တာကို တွေ့ရကြောင်းလည်း သူက ပြောပါတယ်။

ပြီးတော့ ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ဒုတိယအကြိမ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုမူဝါဒ သုံးသပ်ချက်မှာ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းတွေများစွာ ဆောင်ရွက်ရာမှာ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်မှု အဆင့်သတ်မှတ်ချက်တွေထဲက “စီးပွားရေး လုပ်ငန်းတခု စတင်နိုင်မှု အဆင့်သတ်မှတ်ချက်” ကို မြန်မာနိုင်ငံအနေနဲ့ အဆင့် ၁၇၀ ကနေ အဆင့် ၇၀ အထိ တိုးတက်ရရှိအောင် ၄ နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013