DVB Logo
Home
မြန်မာသတင်း
အခွန်ကောက်ခံရငွေ ၃ ဆခန့်တိုးလာဟု စစ်အာဏာရှင်ခန့် ဘဏ္ဍာ/အခွန် ဝန်ကြီးပြော
DVB
·
July 15, 2026
Photo: MOI
Photo: MOI
Donate to DVB

အခွန်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ အခွန်ကောက်ခံရငွေ ၃ ဆလောက် တိုးလာတယ်လို့ စစ်အာဏာရှင်ခန့် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။

ဒီပြောကြားချက်ကို မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးစိုးမြင့် တင်သွင်းတဲ့ အခွန်ကောက်ခံမှုစနစ် ပိုမိုထိရောက်စေရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အဆိုကို ဇူလိုင် ၁၃ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးစဉ် ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အခွန်ကောက်ခံရရှိမှုဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကျပ်ဘီလီယံ ၄,၉၁၂ လောက်သာရှိခဲ့ရာကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ကျပ်ဘီလီယံ ၁၄,၀၇၀ အထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရဲ့ GDP နဲ့ အခွန်အကောက်ရငွေအချိုး (Tax-to-GDP Ratio) ဟာလည်း ၅ ဒသမ ၀၇ ရာခိုင်နှုန်းကနေ ၈ ဒသမ ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဒေါက်တာကံဇော်က ပြောပါတယ်။

အခွန်ဝင်ငွေ တိုးလာတာဟာ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်တဲ့စနစ် (Self Assessment System)၊ အောင်ဘာလေ အွန်လိုင်းထီစနစ်၊ မိုဘိုင်းဖုန်းတင်သွင်းမှုအပေါ် အခွန်ကောက်ခံတဲ့ CEIR/EIR စနစ်နဲ့ မော်တော်ယာဉ် ဝယ်ယူမှုဆိုင်ရာ VAVS စနစ်တို့လို နည်းပညာအခြေပြု စနစ်တွေကို တိုးချဲ့အသုံးပြုခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် Public Feedback Programme ကနေတဆင့် ပြည်သူတွေရဲ့ တုံ့ပြန်ချက်တွေကိုလည်း ရယူနေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စီးပွားရေးလေ့လာသုံးသပ်သူတွေကတော့ အခွန်ကောက်ခံရရှိမှု တိုးလာတာတခုတည်းကို စီးပွားရေးတိုးတက်လာတယ်လို့ တိုက်ရိုက်ကောက်ချက်ချလို့ မရဘူးလို့ သုံးသပ်ကြပါတယ်။

ငွေကြေးဖောင်းပွမှု မြင့်မားနေတဲ့ ကာလမှာ အခွန်ဝင်ငွေဟာ အမည်ခံတန်ဖိုးအရ မြင့်တက်လာနိုင်သလို အခွန်စီမံခန့်ခွဲမှုနဲ့ အခွန်နှုန်းထား ပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်နာလန်ထူမှုက အားနည်းနေဆဲဖြစ်ပြီး ငွေကြေးဖောင်းပွမှု၊ ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ လျှပ်စစ်မီး မတည်ငြိမ်မှုတွေကြောင့် လုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ်  ဖိအားတွေ ဆက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အေဂျင်စီ UNDP ကလည်း ပဋိပက္ခနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် အိမ်ထောင်စုတွေရဲ့ ဝင်ငွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်နေဆဲဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေတယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် အခွန်ကောက်ခံရရှိမှု မြင့်တက်လာတာကိုသာ အခြေခံပြီး စီးပွားရေးအခြေအနေ တိုးတက်လာတယ်လို့ ကောက်ချက်ချဖို့ ခက်ခဲတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဒီအခွန်ကောက်ခံမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အဆိုကိုတော့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ထွေး၊ ဦးမင်းမင်းထွန်းနဲ့ ဦးပြည့်ဖြိုးစံတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013