DVB Logo
Home
မြန်မာသတင်း
Myanmar Liang Yida စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀၀ ကျော် အလုပ်ထုတ်ခံရ
DVB
·
December 19, 2020
Myanmar Liang Yida စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀၀ ကျော် အလုပ်ထုတ်ခံရ
Donate to DVB

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်ကွင်းစက်မှုဇုန် Myanmar Liang Yida အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၁၅ ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ကြောင်း ကြေညာစာကပ်ခဲ့တယ်လို့ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မအေးမြခိုင်က ပြောပါတယ်။  

အခုလို ရုတ်တရက် အလုပ်ထုတ်လိုက်တာကြောင့် ဒီဇင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက စက်ရုံရှေ့မှာ အလုပ်ထုတ်ခံရတဲ့ သမဂ္ဂအဖွဲ့ဝင်တွေ လာရောက်စုဝေးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

သမဂ္ဂအဖွဲ့ဝင် ၃၁၅ ယောက်ထဲက အယောက် ၂၀၀ ကျော်ဟာ မနက် ၉ နာရီကျော်ကတည်းက အလုပ်ထုတ် နစ်နာကြေးယူပြီး နေအိမ် ပြန်သွားကြပြီလို့ သိရပါတယ်။

စက်ရုံဘက်က အစိုးရက သတ်မှတ်ထားတဲ့ နစ်နာကြေးအတိုင်း အပြည့်အဝမပေးသေးဘဲ ၃ သောင်းနီးပါးလောက် ကျန်ရှိနေသေးတဲ့အတွက်ကြောင့် နစ်နာကြေးမယူတဲ့ သမဂ္ဂအဖွဲ့ဝင်တချို့ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကျန်ရှိနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကျော်က သူတို့ကို ကူညီပေးမယ့် အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဆီကို သွားရောက်နေကြတယ်လို့ သိရပါတယ်။

“အလုပ်သမားသမဂ္ဂကို အကြောင်းကြားခြင်းမရှိဘဲ ကိုဗစ်ကြောင့် လူလျှော့ချတယ်ဆိုပြီး အခုလို အလုပ်ထုတ်ခံရတဲ့အပေါ် ခံပြင်းပြီး သမဂ္ဂအဖွဲ့ဝင်တချို့ရဲ့ မညီညွှတ်မှုကြောင့်လည်း စိတ်ဓာတ်ကျရတယ်။ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီတို့နဲ့လည်း ညှိနှိုင်းခွင့်မပေးဘူး” လို့ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မအေးမြခိုင်က ပြောပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမားစုစုပေါင်း ၈၀၀ ကျော်ရှိပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅၀၀ ကျော်ထဲက ၃၁၅ ယောက် အလုပ်ထုတ်ခံရတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဥပဒေအရ ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ - အလုပ်သမားတစ်ဦးဆီမှ ကူးယူဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013