DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် လယ်ယာမြေကို  အိမ်မြေကွက်ရိုက်ပြီး ရောင်းချနေ 
DVB
·
December 18, 2020
လွိုင်ကော်တွင် လယ်ယာမြေကို  အိမ်မြေကွက်ရိုက်ပြီး ရောင်းချနေ 
1 / 2
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပတ်လည်ရှိ လယ်နဲ့ တောင်ယာမြေတွေကို  အိမ်မြေကွက်ရိုက်ပြီး ရောင်းချနေတာကြောင့်  မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က  သတိပေးတားမြစ်ချက်တွေ ထုတ်ပြန်ထားသလို မြေအမည်ပေါက်သူတွေကို နို့တစ်စာ ပေးပို့ထားပါတယ်။

လယ်ယာမြေအမည်ပေါက်ရှိထားသူတချို့က သူတို့မြေတွေကို အကွက်ရိုက်ပြီး ရောင်းချတာရှိသလို  အမည်ပေါက်မရှိသူတွေကလည်း အကွက်ရိုက်ရောင်းချတာတွေရှိနေပါတယ်။ 

လွိုင်ကော်မြို့ မထောခူကျေးရွာအပိုင် အမှတ် ၅၄ တပ်နောက်ဘက်မှာရှိတဲ့ လယ်မြေကို အမည်ပေါက်မရသူက အကွက်ရိုက်ရောင်းချထားလို့ အမည်ပေါက်ရထားသူတွေက မြေကွက်ဆုံးရှုံးရတဲ့ အပြင်တရားစွဲဆိုခံရမယ့်အရေးနဲ့ပါ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် သူတို့ အမည်ပေါက်ရထားတဲ့မြေပေါ်မှာ အကွက်ရိုက်ထားတာကို ကိုယ်တိုင်သွား ရောက်ပြီး ဖြိုဖျက်ခဲ့ကြပါတယ်။ 

၁ ဒသမ ၃၆ ဧကရှိ မြေကွက်ပေါ် လယ်ယာမြေပုံစံ ၇ အမည်ပေါက်ရထားတဲ့ ဒေါ်တင်အောင်ရဲသား ဦးသော်တာသိန်းက သူ့လယ်ပေါ်မှာ ကွက်ရိုက်ပြီးရောင်းချတဲ့သူကို တရားစွဲထားသလို အခုလက်ရှိခြံခတ်ပြီး ဆောက်ထားတဲ့ဟာကိုလည်း ဖြိုဖျက်ပြီး အဲဒီမြေမှာ စိုက်ပျိုးရေးလုပ်သွားမယ်လို့ ပြောပါတယ်။ 

“မူလပိုင်ရှင်မဟုတ်တဲ့သူတွေက ကျနော့်ရဲ့ ပုံစံ ၇ ထဲမှာ လက်ညှိုးထိုးပြီးတော့ အကွက်ရိုက်ပြီးတော့ ရောင်းစားတယ်ပေါ့နော်။ ရောင်းစားတဲ့အတွက် အခုကျနော် မြို့နယ်အုပ်ချုပ်ရေးကလည်း ကျနော်တို့ မူလပိုင်ရှင်လယ်တွေကို အကွက်ရိုက်ခြင်း၊ အိမ်ဆောက်ခြင်း၊ ရောင်းစားခြင်းဆိုရင် ကျနော်တို့ကို ဒီပုံစံ ၇ ရှိတဲ့လူကို တရားစွဲမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ကို ကျနော် မအေး နှစ်ခါနာဖြစ်တယ်။”လို့ ဦးသော်တာသိန်းကပြောပါတယ်။

အလားတူ သူ့နဲ့အတူ လယ်နီးချင်းအမည်ပေါက်ရထားတဲ့ ဦးဒီယိုပရာဆပ်ရဲ့သား ဦးသံကပန္ဒူ ကလည်း သူ့ပိုင်လယ်မြေမှာ အကွက်ရိုက်ရောင်းချခံထားရတာကို တားမြစ်တဲ့ကြားကပဲ ဆက်လက်ရောင်းချမှုတွေရှိနေပေမဲ့ တရားစွဲဆိုတာတော့ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

“ကျနော်တို့က တရားမစွဲချင်ဘူး။ အဖေက အသက်ကြီးပြီ။ ၉၃  နှစ်၊ တရားရုံးမှာ ခဏလေးသွားပြီး ပြန်လာလို့မရဘူး။ တနေကုန်စောင့်ရတယ်။ အဲဒါကြောင့် ကျနော်က တရားမစွဲဘဲ ကျနော်တို့ အဲလိုပဲ နေရင်းနဲ့ အခုက နို့တစ်စာ ထွက်လာတယ်။ နင်တို့ ပုံစံ ၇ မြေပေါက်လူကို တရားစွဲ တော့မယ်။ ရောင်းတဲ့လူကိုမစွဲဘူး။ ဆိုတော့ဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ ဌာနကို အကုန်လုံးပြောပြီးသူတို့က ဖျက်ချပစ်လိုက်တဲ့။ ဖျက်ချပြီးတရားစွဲလာရင် တရားရင်ဆိုင်လိုက်အဲလို ပြောလာတယ်။ ”

အဆိုပါနေရာကို အကွက်ရိုက်ရောင်းချတဲ့ ဒေါ်ဌေးဌေးဦးကတော့ ဒီနေရာဟာ သူ့ရဲ့အဘိုးပိုင်လယ်မြေဖြစ်ပြီး ပုံစံကို ၇ လျှောက်ခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ ပြောပါတယ်။ 

“ ဒီမြေက အဘိုးမြေ၊ ရှမ်းပိုင်းတရပ်ကွက်လုံးသိတယ် ကျမအဘိုးဟာဆိုတာ။ ဒီသော်တာသိန်းတို့၊ ဦးဒီယိုပရပ်ဆပ်တို့ဆိုတာကလည်း ကျမအဘိုးနားကနေ ရပြီးတော့ သူတို့တောင်းလုပ်စားပြီးတော့ အရင်ခေတ်တုန်းက ပိုက်ဆံတကျပ်နှစ်ကျပ်ဆိုရင် တန်ဖိုးကြီးတယ်။ မင်းတို့လုပ်ပြီး မင်းတို့ဟာမင်းတို့အခွန်ဆောင်ဆိုပြီးတော့ သူတို့ကိုပေးထားတဲ့ဟာတွေ၊ မြေပုံထဲမှာ ကျမ အဘိုးနာမည် တယောက်ထဲပဲရှိတယ်။ အခုသူတို့ဖျက်တယ်။ အခုဖျက်မယ်ဆိုတာ တရားဝင်လူကြီးတွေပါရမယ်။ နို့တစ်စာပါရမယ်။ ထွေအုပ်ရုံးက ပါရမယ်။ မြေစာရင်းရုံးက ပါရမယ်။ ဌာနဆိုင်ရာပါရမယ်။ မပါဘဲနဲ့ကျမ ကျေနပ်ဘူး။  ”

အဆိုပါမြေနေရာဟာ တပ်က သိမ်းယူခဲ့ပြီး ပြန်လည်စွန့်လွှတ်ထားတဲ့မြေဖြစ်ပါတယ်။ တပ်က စွန့်လွှတ်တဲ့အချိန်မှာ ၂၀၁၂ လယ်ယာမြေဥပဒေကနဲ့အညီ မူလက်ငုတ်တောင်သူတွေက ပြန်လည်လျှောက်ထားခဲ့ရာမှာ လယ်ယာမြေ ပုံစံ ၇ ပြန်လည်ရရှိခဲ့ကြတာဖြစ်ပါတယ်။ 

လွိုင်ကော်မြို့နယ်မှာ အလားတူ လယ်ယာမြေပေါ်မှာ အိမ်ခြံကွက်ရိုက်ရောင်းချမှုတွေအများအပြားရှိနေပြီး ဈေးနှုန်းသက်သာစွာ ရောင်းချတဲ့အတွက် မရှိဆင်းရဲသားနဲ့ ဝန်ထမ်းတွေအများစု ဝယ်ယူမှုတွေ ရှိနေပါတယ်။ 

ငွေကြေးတတ်နိုင်တဲ့ စီးပွားရေးသမားတွေက တောင်သူတွေထံကနေ လယ်ယာမြေတွေ ဝယ်ယူပြီး ပေ ၄၀ ပေ ၆၀ အကွက် ရိုက်ကာ ကျပ်  ၁၀ သိန်းမှ ၁၅ သိန်းထိ  ပြန်လည် ရောင်းချကြရတာဖြစ်ပါတယ်။ 

၂၀၁၂ လယ်ယာမြေဥပဒေအရ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ခြင်း၊  ခွင့်ပြုမိန့်မရှိဘဲ တခြားနည်းသုံးစွဲခြင်းများ မပြုရဆိုပြီး အစိုးရက ထုတ်ပြန်တားမြစ်ထားပါတယ်။

ဒါ့အပြင်  လယ်မြေအတွင်း အဆောက်အအုံဆောက်တာ၊ အုတ်တိုင်ခြံစည်းရိုး ကာတာတွေ လုပ်ရင် လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ကို ဖောက်ဖျက်ရာရောက်ပြီး လယ်မြေပေါ်မှ နှင်ထုတ်ဖယ်ရှားတာနဲ့ တရားစွဲတာတွေ ဆောင်ရွက်မယ်လို့ သတိပေးထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013