
ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီရိုဒရီဂက်ဇ်ဟာ အိန္ဒိယနိုင်ငံဆီ ၅ ရက်ကြာခရီးစဉ်အတွင်း ဇွန် ၄ ရက် က နယူးဒေလီမြို့တော်မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူနဲ့ သုံးစွဲသူဖြစ်တဲ့ အိန္ဒိယဟာ အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲကြောင့် ထောက်ပံ့မှု ပြတ်တောက်တာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရိုဒရီဂက်ဇ်ရဲ့ ခရီးစဉ် ဖြစ်ပေါ်လာတာပါ။
ရိုဒရီဂက်ဇ်ဟာ အဲဒီနေ့အစောပိုင်းမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
တောင်အာရှနိုင်ငံ အိန္ဒိယရဲ့ ရေနံစိမ်း တင်သွင်းမှု ၄၀ ရာခိုင်နှုန်းကျော်ကို သယ်ဆောင်တဲ့ အဓိက လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားဟာ လုံးဝနီးပါး ပိတ်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားကနေ ရေနံစိမ်းဝယ်တဲ့ နိုင်ငံတွေအပေါ် ၂၅ ရာခိုင်နှုန်းအခွန်ကောက်ခံဖို့ ခွင့်ပြုပြီးတဲ့နောက် ဗင်နီဇွဲလားဆီက ရေနံ ဝယ်တာကို အိန္ဒိယက ပြီးခဲ့တဲ့ နှစ်က ရပ်တန့်ခဲ့ ပါတယ်။
အမေရိကန်အစိုးရနဲ့ ဗင်နီဇွဲလားအစိုးရကြား အဓိက ရေနံထောက်ပံ့ရေး သဘောတူညီချက် တရပ် ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် ဖေဖော်ဝါရီလမှာ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးချိန်မှာ အဝယ် ပြန်စခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက မေလမှာ ဗင်နီဇွဲလားရေနံကို ဒုတိယအများဆုံး တင်သွင်းသူဖြစ်ပြီး တရက်ကို စည်ပေါင်း ၄၂၇,၀၀၀ ဝယ်ယူခဲ့ပြီး အမေရိကန်ပြီးရင် ဒုတိယအများဆုံးဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
Source:Reuters










