DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အရာရှိ ၂ ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ 
DVB
·
December 15, 2020
မကွေးတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အရာရှိ ၂ ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ 
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးနဲ့ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနဲ့ သူ့ လက်အောက်ဌာနမှ ဝန်ထမ်းတွေဟာ နိုင်ငံတော်က ပေးတဲ့ သင်တန်းကြေးတွေ၊  ရုံး အဆောက်အဦတွေအတွက် ထုတ်ပေးထားတဲ့ အသုံးစရိတ်တွေကို ကိုယ်ကျိုးသုံးစွဲပြီး အဂတိလိုက်စားမှု ကျူးလွန်နေတာကို အရေးယူပေးပါဖို့ တိုင်ကြားချက်အရ ကော်မရှင်က စုံစမ်းဖော်ထုတ် အရေးယူခဲ့တာပါ။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးဟာ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်နဲ့ ခွဲဝေချထားပေးတဲ့ ဌာနဆိုင်ရာ သင်တန်းတွေ၊ ရုံးအဆောက်အအုံဆိုင်ရာ အသုံးစရိတ်တွေကို သက်ဆိုင်ရာ လက်အောက်ခံ မြို့နယ်တွေထံ ခွဲဝေချထားပေးရာမှာ သင်တန်းတွေနဲ့ ပတ်သက်ပြီး တိုင်းဦးစီးမှူးရုံး အထွေထွေအသုံးစရိတ်အဖြစ် ၂ ရက်သင်တန်း တစ်ခုကို ငွေကျပ် ၂၀၀၀၀ နှုန်း၊ ၅ ရက် သင်တန်းတစ်ခုကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်မှတဆင့် တောင်းခံခဲ့ပြီး တိုင်ကြားတဲ့အခါ အဆိုပါ တောင်းခံရယူခဲ့တဲ့ ငွေကျပ် ၁၅ သိန်းကို သက်ဆိုင်ရာမြို့နယ်တွေကို မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ပြန်လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ရေစကြိုမြို့နယ်ရုံး အဆောက်အအုံ ပြုပြင်ဖို့အတွက် နိုင်ငံတော်မှ ခွဲဝေချထားပေးတဲ့ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၈၀ မှ ငွေကျပ် ၂၅ သိန်းပေးဖို့ ဒေါ်သန္တာဆင့်မှတဆင့် တောင်းခံခဲ့ပြီး ရေစကြိုမြို့နယ် ဦးစီးမှူးက လွှဲပေးတဲ့ ငွေကျပ် ၅ သိန်းကို လက်ခံရယူခဲ့ကာ အဂတိလိုက်စားမှု ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်တွေမှာ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်က ငွေကျပ် ၂၀၀,၀၀၀ ကို လက်ခံရယူခဲ့ကြောင်းနဲ့ ဒေါက်တာမောင်မောင်စိုးဦးက အဂတိလိုက်စားမှု ကျူးလွန်ရာမှာ အားပေးကူညီကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့ကြောင့် တိုင်းဦးစီးဌာနမှူး ဒေါက်တာမောင်မောင်စိုးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း မကွေးမြို့မ ရဲစခန်းမှာ ဒီဇင်ဘာ ၁၄ ရက်က  ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013