
ရန်ကုန်တိုင်းကနေ ပြည်တွင်းလေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်သူတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတာတွေ လုပ်ပေးမယ်လို့ ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
စစ်ဆေးရာမှာ RDT Test kit တွေနဲ့ စစ်ဆေးမှာဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေးက ကျန်းမာရေးဒေသန္တရဆေးခန်းနဲ့ ကျောက်တံတားမြို့နယ်က Tourist Burma အဆောက်အဦမှာ ကနဦးအနေနဲ့ တိုင်းကျန်းမာရေးဦးစီးဌာနက စစ်ဆေးပေးမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ စစ်ဆေးမှု ကုန်ကျစာရိတ်အနေနဲ့တော့ RDT test kit နဲ့စစ်ဆေးရင် ကျပ် ၁၀,၀၀၀ နဲ့ PCR နဲ့စစ်ရင်တော့ ကျပ် ၃၅,၀၀၀ ခွဲကျသင့်မှာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် လာရောက် စစ်ဆေးတဲ့အခါမှာ လေယာဉ်လက်မှတ်ပါ ယူဆောင်လာမှ စစ်ဆေးပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲတာတွေကိုတော့ လာမယ့် ဒီဇင်ဘာ ၁၆ ရက်က စလို့ ပြန်လည် ပြေးဆွဲခွင့် ပြုထားတာဖြစ်ပါတယ်။ လေကြောင်းနဲ့ခရီးသွားမယ့် သူတွေအနေနဲ့ လေယာဉ်ပေါ်မှာ လိုက်နာရမယ့် စည်းကမ်းတွေ၊ ဆိုက်ရောက်မြို့နယ်မှာ လိုက်နာရမယ့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းတွေနဲ့ အသွားအလာ ကန့်သတ်ဖို့ ကိစ္စတွေကိုလည်း သတ်မှတ်ထားပြီးဖြစ်ပါတယ်။
သတင်း- သင်းသင်းဇော်











