ပဲခူးစက်မှုဇုန်တွင် ကိုဗစ်လူနာနှင့် ထိတွေ့ထားသူများကို ထိမ်ချန်သည့် စက်ရုံအချို့ရှိ
DVB
·
December 12, 2020

ပဲခူးစက်မှုဇုန်က ရောဂါပိုးကူးစက်ခံရတဲ့ စက်ရုံဝန်ထမ်းတွေနဲ့ ထိတွေ့ထားတဲ့ Contact ကို ထိမ်ချန်ထားပြီး ထုတ်မပေးတဲ့ စက်ရုံတချို့ရှိနေတဲ့အတွက် အရေးယူပေးဖို့ အစိုးရအဖွဲ့ဆီ တင်ပြထားတယ်လို့ ပဲခူးစက်မှုဇုန် အတွင်းရေးမှူးက ပြောပါတယ်။
ပဲခူးစက်မှုဇုန်မှာ CMP စက်ရုံ ၉၀ကျော်ရှိပြီး အဲဒီစက်ရုံတွေထဲက စက်ရုံ ၂၇ ရုံက ဝန်ထမ်း ၃၂ ဦးမှာ ရောဂါပိုးကူးစက်ခံထားပါတယ်။
အဲဒီလို စက်ရုံတွေမှာ ရောဂါကူးစက်ခံရတာနဲ့ပတ်သက်ပြီး Contact တွေကို ထိမ်ချန်ထားကြသလို ထုတ်မပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် Contact တွေကို ထုတ်မပေးတဲ့ စက်ရုံတွေကို အရေးယူပေးဖို့ အစိုးရအဖွဲ့ဆီ တင်ပြထားတယ်လို့ပဲ ပဲခူးစက်မှုဇုန်အတွင်းရေးမှူး ဦးဟိန်းထက်က ပြောပါတယ်။
ခရိုင်ကျန်းမာ ရေးဦးစီးမှူး ဒေါက်တာသီဟက “Contact တွေ ထိမ်ချန်ထားတဲ့အတွက် Positive ဖြစ်တဲ့ စက်ရုံဝန်ထမ်းနဲ့ချိတ်ဆက်ပြီး ဘယ်သူက Contact ဆိုပြီး ပြန်ထုတ်ယူရပါတယ်။ အဲဒီလိုထုတ်တဲ့အခါမှာလည်း စက်ရုံဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ စက်ရုံ Contact တွေကို လိုက်တဲ့အခါမှာ သူတို့က စက်ရုံမှာပေးထားတဲ့ လိပ်စာအတိုင်းမနေဘဲ အဆောင်တွေမှာ ငှားနေကြတော့ သူတို့ကို ရှာဖွေရတာ အတော်ကို အခက်ခဲရှိတယ်” လို့ ပြောပါတယ်။
Contact တွေကို ထိမ်ချန်တဲ့စက်ရုံတွေကို သဘာဝဘေးအန္တရာယ်နဲ့ အရေးယူမယ်လို့ ပြောလိုက်ပြီးနောက် Contact တွေကို ထိမ်ချန်တာ မရှိတော့ဘူးလို့ တိုင်းလူဝန်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။
ပဲခူးမြို့မှာ နေ့စဉ်ပိုးတွေ့ရှိမှု မြင့်တက်နေသလို စက်ရုံတွေမှာလည်း ဝန်ထမ်းတွေ ရောဂါကူးစက်မှု ထပ်မံမဖြစ်စေလိုတဲ့အတွက် ကျန်းမာရေးဌာနအပါအဝင် ဌာနဆိုင်ရာတွေကနေ စက်ရုံတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပါတယ်။
စက်ရုံ ၂ ရုံမှာတော့ လိုအပ်ချက်တွေရှိနေတဲ့အတွက် ယာယီပိတ်သိမ်းဖို့အတွက် ပဲခူးတိုင်း ဝန်ကြီးချုပ်ဆီ တင်ပြထားပါတယ်။