DVB Logo
Home
မြန်မာသတင်း
အသရေဖျက်မှုဥပဒေ ၆ ခု ပြင်ဆင်ပြောင်းလဲပေးရန် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော် အဆိုပြု
DVB
·
December 12, 2020
အသရေဖျက်မှုဥပဒေ ၆ ခု ပြင်ဆင်ပြောင်းလဲပေးရန် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော် အဆိုပြု
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ အသရေဖျက်မှုဥပဒေ ၆ ခုကို ပြင်ဆင်ပြောင်းလဲပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်က အဆိုပြုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်အကူးအပြောင်းကာလမှာ အကြီးမားဆုံး အဟန့်အတားတွေထဲက တခုကို ဖယ်ရှားမယ့်နည်းလမ်းဖြစ်တယ်လို့ ဦးဆောင်ထုတ်ပြန်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း မြန်မာ အဖွဲ့ (FEM) က ဆိုပါတယ်။

FEM ရဲ့ ဒါရိုက်တာ ယဉ်ရတနာသိန်းက “မြန်မာပြည်မှာ လက်ခံကျင့်သုံးနေတဲ့ အသရေဖျက်မှုဥပဒေ ၆ ခုနဲ့ ပတ်သက်ပြီး လုပ်ငန်းနယ်ပယ် အသီးသီးက ပါဝင်ပတ်သက်သူတွေ ကလည်း ဘယ်နည်းနဲ့မှ မကြိုက်နှစ်သက်ကြဘူးဆိုတာကို တွေ့ရမှာပါ။ တုံ့ပြန်လက်စားချေဖို့နဲ့ ဆင်ဆာဖြတ်တောက်ရာမှာ ဒီဥပဒေတွေက အကူအညီပေးနေတယ်လို့ တချို့က ယုံကြည်ကြပြီး၊ တချို့ကတော့ ဒီဥပဒေတွေက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ အများစုကတော့ အစိုးရရဲ့ အကန့်အသတ်ရှိတဲ့ ဘတ်ဂျက်တွေကို တယောက်ချင်း အမှုဖွင့်အရေးယူမှုတွေအပေါ်မှာ ထောက်ပံ့သုံးစွဲလိုက်ရလို့ ဖြုန်းတီးပစ်ရာ ရောက်နေတာကို ပိုပြီး စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

ဒါဟာ ၃ နှစ်ကြာ စုံစမ်းစစ်ဆေးတာ ဆွေးနွေးတာတွေလုပ်ပြီးနောက် ရလာတဲ့ အဆိုပြုချက်တွေ ဖြစ်တယ်လို့လည်း FEM က ဆိုပါတယ်။

မြန်မာ့အသရေဖျက်ခြင်း ဥပဒေတွေကို သတင်းထောက်တွေ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် ရာပေါင်းများစွာသော သူတွေအပေါ် မတရားသဖြင့် ပြစ်ဒဏ်ချမှတ်ဖို့ တလွဲသုံးခဲ့ပြီးပြီလို့လည်း ဆိုထားပါတယ်။

ဒီအဆိုပြုလွှာကို အစီရင်ခံစာအဖြစ်ရော Micro-site အသစ်အဖြစ်ရော မိတ်ဆက် ထုတ်လွှင့်ထားပြီး  ဥပဒေပြုပြင်ရေးအတွက် ရွေးချယ်စရာနည်းလမ်း ၄ ခုကိုလည်း တင်ပြထားပါတယ်။

ပထမနည်းလမ်းက တရားမမှုဆိုင်ရာအသရေဖျက်ခြင်းဥပဒေကို အတည်ပြုဖို့ဖြစ်ပြီး ဂုဏ်သိက္ခာထိပါးခံရတဲ့သူတွေအတွက် လျောကြေးရအောင်လုပ်ပေးတာဖြစ်လို့ ပိုကောင်းမယ့် နည်းလမ်းလို့ ဆိုပါတယ်။

ဥပဒေအပြည့်အစုံကို ရေးဆွဲအတည်ပြုဖို့ အချိန်ယူရမှာဖြစ်ပြီး စိန်ခေါ်မှုကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုနေကြတဲ့ ဂျာနယ်လစ်တွေ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတွေနဲ့ တခြားသူတွေကို ဒေဝါလီခံသွားရအောင် တရားမမှုဆိုင်ရာ အသရေဖျက်ခြင်း ဥပဒေကို အင်အားရှိသူတွေက အလွဲသုံးနိုင်ကြောင့် အကာအကွယ်ရအောင်လည်း သေသေချာချာ ရေးဆွဲဖို့ လိုတယ်လို့ဆိုပါတယ်။

ဒုတိယနည်းလမ်းကတော့ ရာဇသတ်ကြီးမှာရှိတဲ့ ပြစ်မှုဆိုင်ရာအသရေဖျက်ခြင်းဥပဒေမှာ ပိုပြီး ခိုင်မာတဲ့ အကာအကွယ်ပေးတာတွေကို ထည့်သွင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အသရေဖျက်ခြင်းဆိုင်ရာပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သိသိသာသာ နှေးကွေးနေပြီး မထိရောက်တာကြောင့် သိပ်ပြီး အပြောင်းအလဲဖြစ်စေမှာမဟုတ်ဘူး လို့လည်း သူတို့က ထောက်ပြပါတယ်။

တတိယနည်းလမ်းက မြန်မာနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ အသရေဖျက်မှု ဥပဒေတွေကနေ ထောင်ဒဏ်အားလုံးကို ဖယ်ရှားပစ်ဖို့ဖြစ်ပြီး စတုတ္ထ နည်းလမ်းအဖြစ်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြင်းထန်တဲ့ အသရေဖျက်မှုတွေကိုပဲ ပြစ်မှုဆိုင်ရာအသရေဖျက်မှုဥပဒေ ၆ ခုက သက်ရောက်နိုင်ဖို့ ပြင်ဆင်မယ့် နည်းလမ်းအဖြစ် အဆိုပြုထားပါတယ်။

FEM ရဲ့ ဒါရိုက်တာ ယဉ်ရတနာသိန်းက “တက်လာမယ့် အစိုးရအသစ်နဲ့ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေက အသရေဖျက်မှု ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ပြောင်းလွယ် ပြင်လွယ်ဖြစ်ပြီး လွယ်ကူစေဖို့အတွက် ဥပဒေ ရေးဆွဲရာမှာရှိနေတဲ့ အခက်အခဲတွေရဲ့ အဆင့်အမျိုးမျိုးအတွက် ဒီဇိုင်းချပြီး ဒီရွေးချယ်စရာနည်းလမ်းတွေကို ရေးဆွဲခဲ့တာပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒီပြုပြင်ပြောင်းလဲရေးအဆိုပြုလွှာက ၆၆(ဃ)အပါအဝင် မြန်မာပြည်မှာရှိတဲ့ တခြား အသရေဖျက်မှု ဥပဒေ ၅ ခု အောက်မှာ ဖိနှိပ်ခံထားရပြီး၊ ဒီမိုကရေစီနဲ့ ဆန့်ကျင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇဝတ်မှုဖြစ်ရပ်တွေ နှစ်များစွာကြာဖြစ်ပွားနေတာကို အဆုံးသတ်စေမယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဘယ်သရေဖျက်ခြင်းဆိုင်ရာဥပဒေကမှ နိုင်ငံတကာက အခြေခံအကျဆုံး စံနှုန်းတွေနဲ့ မကိုက်ညီဘဲ သက်တမ်းအရင့်ဆုံးဥပဒေဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေ (ပြစ်မှုဆိုင်ရာဥပဒေ) မှာတောင် ကိုက်ညီတာ နည်းနည်းပဲပါတယ်လို့ FEM က ထောက်ပြထားပါတယ်။

ဒီ အဆိုပြုလွှာအတွက် မြန်မာပြည်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၂ နှစ်ကြာ ဆွေးနွေးခဲ့သလို အသရေဖျက်မှု ဥပဒေတွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တဲ့ သီရိလင်္ကာ၊ အိန္ဒိယ၊ မောလ်ဒိုက်နဲ့ ဗြိတိန်နိုင်ငံက တရားသူကြီးတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့လည်း FEM ရဲ့ ဒါရိုက်တာ ယဉ်ရတနာသိန်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013