
ကယားပြည်နယ်အတွင်း ရွှေ့ပြောင်းလုပ်သား ဝင်ရောက်မှု ပိတ်ပင်ဖို့အတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ကိုဗစ်ကာလမှာ ကြုံတွေ့နေရတဲ့အခက်အခဲနဲ့ပတ်သက်ပြီး အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ ကျန်းမာရေးနဲ့ ကုသရေးက တာဝန်ရှိသူတွေ၊ လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကော်မတီနဲ့ ကယားပြည်နယ် အရပ်ဘက်အဖွဲ့အစည်းတို့ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။
ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းကာကွယ်စောင့်ရှောက်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်မောင်က “ရွှေ့ပြောင်းလုပ်သားတွေကို လက်ရှိ လတ်တလော ဝင်ရောက်ခွင့်ပိတ်ထားပြီးတော့ နောက်ပိုင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ ဝင်လာတာ ပိတ်ပင်ဖို့အတွက် ပြည်နယ်အစိုးရကနေပြီးတော့ ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ အကြမ်းအလုပ်သမားတွေကတော့ ပြည်နယ်မှာ အလုံအလောက်ရနိုင်ပေမယ့် ပညာရှင်ပိုင်းမှာတော့ ကျနော်တို့ဆီမှာ အခက်အခဲရှိတဲ့အတွက် ပညာရှင်ပိုင်းဆိုင်ရာကိုတော့ ပြည်ပ(ပြည်နယ်ပြင်ပ) ကနေပြီးတော့ ခေါ်ယူဖို့အတွက် ဆွေးနွေးထားပါတယ်။ နောက်တချက်က လုပ်အားခဈေးနှုန်းက ဒေသခံတွေရဲ့ လုပ်အားခဈေးနှုန်းက မြင့်မားနေပြီးတော့ ပြည်မက ခေါ်လာတဲ့ လုပ်အားခဈေးနှုန်းက နည်းပါးတယ်။ ဒီအတွက်လည်း သူတို့အတွက် အခက်အခဲရှိတယ် ဆိုပြီးတော့ ဆွေးနွေးသွားပါတယ်” လို့ ပြောပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကွာရန်တင်းဝင်ရောက်တဲ့ ပဲခူးနဲ့ ရန်ကုန်က အလုပ်သားမား ၁၇ ဦးဆီက ဒီဇင်ဘာ ၈ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် ပြည်မက လုပ်သားတွေ ခေါ်ယူတာတွေ မလုပ်ဘဲ အတတ်နိုင်ဆုံး ကယားပြည်နယ်အတွင်းရှိ အလုပ်သမားတွေနဲ့သာ လုပ်ငန်းအောင်မြင်ရေးဆောင်ရွက်ဖို့ ပြည်နယ်စိုးရက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် ကုမ္ပဏီတချို့က အခုလို တင်ပြမှုတွေ ရှိလာတာ ဖြစ်ပါတယ်။
ပြည်နယ်အတွင်းက လမ်းတံတား တင်ဒါရရှိတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ အောင်မောင်းကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးအောင်ကျော်မိုးကတော့ အခုလက်ရှိမှာတော့ ပြည်နယ်တွင်းက လုပ်သားတွေနဲ့သာ လုပ်ငန်းဆက်လက် လုပ်ဆောင်နေကြောင်းနဲ့ တခြားပြည်မက လုပ်သမားခေါ်ယူရခြင်းမှာ လုပ်ငန်းပြီးစီးမှု မြန်ဆန်အောင် ခေါ်ယူရတာလို့ ဒီဗွီဘီကို ပြောပါတယ်။
“လက်ရှိတော့ ဒေသအဖွဲ့ ၃ ဖွဲ့နဲ့ လုပ်နေတာလေ။ ဒါပေမဲ့ မြန်မြန်ဆန်ဆန် ပြီးသွားတော့လည်း ပိုကောင်းတာပေါ့။ ရည်ရွယ်ချက်ကတော့ အဲဒါပါပဲ။ ဒီ ကိုဗစ်အခြေအနေကလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာ မျှော်မှန်းလို့မရဘူးလေ။”
လမ်းတံတားနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် တင်ဒါရရှိထားတဲ့ ကယားချယ်ရီ ကုမ္ပဏီလီမိတက်ကတော့ လုပ်ငန်းလုပ်ဆောင်ရာမှာ ဒေသခံလုပ်သား ၉၅ ရာခိုင်နှုန်း အသုံးပြုထားတယ်လို့ ကုမ္ပဏီဒါရိုက်တာ စောဘရာထူးက ပြောပါတယ်။
ဒေသခံလုပ်သားတွေအနေနဲ့ လုပ်ငန်းကျွမ်းကျင်မှုအပိုင်းအားနည်းမှုတွေ ရှိနေပေမယ့် ယုံကြည့်စိတ်ချရတဲ့အတွက် ခေါ်ယူတာလို့ ဆိုပါတယ်။
“ကျနော်တို့ ဆောက်လုပ်ရေးအပိုင်းမှာကျတော့ ကျောက်ထုတ်ရင်၊ လမ်းခင်းခဆိုရင် တဖာလုံကို ဘယ်လောက် ဘယ်လောက် အပြတ်ပေးတယ်။ ဒေသခံဆိုရင်လည်း ဒီဈေးပဲ၊ ပြည်မကလူတွေလည်း ဒီဈေးပဲ။ ဒါပေမဲ့ လျင်မြန်မှုအပိုင်းကကျတော့ ပြည်မကလူတွေက ဒေသခံထက် ပိုပြီးတာပေါ့။ ဥပမာ လမ်းတမိုင်ကို ဒေသခံက နှစ်ရက် သုံးရက်ကြာတယ်ဆိုရင် ပြည်မက လူက တရက်နှစ်ရက်ကြာ၊ အဲဒီလို မြန်မြန်ပြီးတာပေါ့။ ပြည်နယ်အတွင်း လူကို ခေါ်တာကျတော့ ကျနော်တို့ အဓိက ရင်းနှီးမှုလည်း ပါတယ်။ နောက် စိတ်ချမှုလည်း ပိုရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဒေသခံအလုပ်သမားတွေရဲ့အကြောင်းလည်း ကျနော်တို့ သိတယ်၊ ကျနော်တို့ အကြောင်းလည်း သူတို့ သိတယ်။ တယောက်နဲ့တယောက် အပြန်အလှန် ယုံကြည်မှုရှိကြတာပေါ့။”
ကိုဗစ်ဖြစ်ပွားနေတဲ့ကာလအတွင်း ကယားပြည်နယ်အတွင်းကို တရားဝင်နယ်စပ်ဂိတ်တွေကနေ မဟုတ်ဘဲ တရားမဝင်တဲ့ ခိုးလမ်းကြောင်းကနေ ဝင်ရောက်မှုတွေ ရှိနေတဲ့အတွက် ဒီဟာကို ပြည်သူလူထုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရော၊ အဖွဲ့အစည်းတွေကပါ ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ အစိုးရတာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။










