
ဇင်ဘာဘွေနိုင်ငံက ရေကန်တခုမှာ ခရီးသည်တင် ကူးတို့သင်္ဘောတစင်း သြဂုတ် ၁၁ ရက်က တိမ်းမှောက်ပြီးနောက် လူ ၄၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။
အလောင်းတွေ ထပ်တွေ့ပြီးတဲ့နောက် အရင်က ခန့်မှန်းထားတဲ့ သေဆုံးသူဦးရေထက် ၃ ဆလောက် ပိုများနေခဲ့တာပါ။
စုံစမ်းစစ်ဆေးမှုတွေအရ ကာရီဘာရေကန်မှာ လေပြင်းတိုက်ခတ်နေချိန် လှေက လူတွေကို မတန်တဆ တင်လာခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
ကူးတို့သင်္ဘောကို ခရီးသည် အယောက် ၉၀ တင်ဖို့ တည်ဆောက်ထားပေမဲ့ ဇမ်ဘီယာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရေကန်ကို ဖြတ်ကျော်ချိန်မှာ လူ ၁၂၀ ကျော် လိုက်ပါသွားနိုင်တယ်လို့ ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
အခုအချိန်အထိ လူ ၆၇ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူဖို့ မူလတန်းကျောင်းဆီ ပို့ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထပ်ပြောပါတယ်။
Source: Reuters











