
ဖိလစ်ပိုင်နိုင်ငံ၊ ကိုရွန်ကမ်းလွန်မှာ မီးလောင်ထားတဲ့ ကူးတို့သင်္ဘောပေါ်ကနေ ကယ်ဆယ်ရေးသမားတွေဟာ အလောင်း ၃၀ ထပ်မံတွေ့ရှိခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၃၅ ယောက်အထိ တိုးလာပြီလို့ စက်တင်ဘာ ၁၁ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။
လက်ရှိအချိန်ထိ သေဆုံးသူ ၃၅ ယောက်၊ ပျောက်ဆုံးသူ ၅၃ ယောက်နဲ့ အသက်ရှင်ကျန်ရစ်သူ ၄၃ ယောက် ရှိတယ်လို့ အတည်ပြုထားပါတယ်။
စက်တင်ဘာ ၉ ရက် ညမှာ စတင်လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်ခဲ့ရတာပါ။
လူ ၁၃၀ ကျော်ကို တင်ဆောင်လာတဲ့ အဲဒီကူးတို့သင်္ဘောမှာ မီးစတင်လောင်ကျွမ်းချိန်က မီးခိုးငွေ့ထူထပ်မှုနဲ့ ပြင်းထန်တဲ့ အပူရှိန်တို့ကြောင့် ကယ်ဆယ်ရေးသမားတွေ သင်္ဘောထဲကို ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
မီးကို အပြီးငြှိမ်းသတ်နိုင်ခဲ့ပြီးချိန်မှ မီးသတ်သမားတွေဟာ သင်္ဘောထဲကို ပထမဆုံးအကြိမ် ဝင်ရောက်နိုင်ခဲ့ပြီး ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၂ ရက်မှာ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ အဲဒီရုပ်အလောင်းတွေအား ဆိပ်ကမ်း ကို သယ်ထုတ်ပေးခဲ့ပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း သေချာစိစစ်နိုင်ဖို့ ပို့ဆောင်ထားတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုအဲမီ ကာယာဗရက်က ပြောပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာတော့ မီးလောင်ပျက်စီးသွားတဲ့ သင်္ဘောအတွင်းပိုင်းပုံတွေကို တွေ့ရပြီး အိပ်ဆောင်တန်းတွေဟာ သံတိုသံစတွေနဲ့ ပြာဖုံးအတိ ဖြစ်ကျန်ရစ်ခဲ့ပါတယ်။
ကျွန်းပေါင်း ၇,၆၀၀ ကျော်ရှိပြီး လူသန်းပေါင်းများစွာက ကျွန်းတွေနဲ့ ပြည်နယ်တွေကြား သွားလာရေးအတွက် ကူးတို့သင်္ဘောတွေကိုပဲ အဓိက အားထားနေရတဲ့ ဖိလစ်ပိုင်မှာ ဒီမီးလောင်မှု ဟာ သေပျောက်မှုများပြားတဲ့ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ရေကြောင်းမတော်တဆမှုတခု ဖြစ်ပါတယ်။
Source: Reuters











