
အင်ဒိုနီးရှားနိုင်ငံ၊ မာဒူရာကျွန်းကမ်းလွန်မှာ ဩဂုတ် ၂ ရက်က မီးလောင်ခဲ့တဲ့ ကူးတို့သင်္ဘောပေါ်မှာ ပိတ်မိနေသူ ခရီးသည်နဲ့ သင်္ဘောအဖွဲ့သား ၂၃၈ ယောက်ထဲက ၂၃၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး စုစုပေါင်း ၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ (BASARNAS) က ဩဂုတ် ၄ ရက်မှာ ပြောပါတယ်။
‘မူတီယာရာ ဆန်တိုဆာ-၂’ လို့ အမည်ပေးထားတဲ့ ခရီးသည်တင် ကူးတို့သင်္ဘောဟာ အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂျာဗားအရှေ့ပိုင်းပြည်နယ် စူရာဘာယာမြို့ကနေ ဆူလာဝေစီ တောင်ပိုင်းပြည်နယ်၊ မာကက်ဆာမြို့ကို ဦးတည်ခုတ်မောင်းနေရင်း မီးလောင်ခဲ့တာပါ။
BASARNAS ရဲ့ အကြီးအကဲ မိုဟာမက်ရှာဖီးက သင်္ဘောပေါ်မှာ ခရီးသည်တွေ၊ သင်္ဘောအဖွဲ့သားတွေနဲ့ လုပ်ငန်းခွင် အကူဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း ၂၃၈ ယောက် ပါဝင်ကြောင်း အတည်ပြုပါတယ်။
သင်္ဘောပေါ်ပါသူ စာရင်းနဲ့ တွေ့ရှိသူစာရင်းတွေကို တိုက်ဆိုင်စစ်ဆေးပြီးဖြစ်လို့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး (SAR) စစ်ဆင်ရေးကို တရားဝင်အဆုံးသတ်လိုက်ပြီး ပုံမှန်စောင့်ကြည့်ရေး အဆင့်ကို ပြောင်းလဲလိုက်ပြီလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။
ပျောက်ဆုံးနေဆဲ ဆွေမျိုးတွေ ရှိတယ်လို့ မိသားစုဝင်တွေဘက်က သတင်းပို့ တိုင်ကြားလာရင်တော့ ရှာဖွေရေးကို ပြန်လည်စတင်သွားမယ်လို့ မိုဟာမက်ရှာဖီးက ပြောပါတယ်။
ခရီးသည်နဲ့ အဖွဲ့သား စုစုပေါင်း ၂၇၁ ယောက်ရှိပြီး စုစုပေါင်း ၅ ယောက် သေဆုံးခဲ့တယ်လို့ ဩဂုတ် ၃ ရက်အစောပိုင်းတုန်းက အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ထားကြတဲ့ ခရီးသည်တွေဟာ ပင်လယ်ပြင်မှာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့ကြပြီး တချို့မှာ ၁၀ မီတာ အမြင့်ကနေ ရေထဲကို ပြုတ်ကျခဲ့ကြတာပါ။
ကယ်ဆယ်ရေးရေယာဉ်တွေ သတ်မှတ်ထားတဲ့ ရှာဖွေရေးဧရိယာကို ရောက်ရှိချိန်မှာ ပင်လယ်ရေပြင်ပေါ်မှာ သင်္ဘောရဲ့ အရိပ်အယောင် မတွေ့ရတော့ဘဲ အာဏာပိုင်တွေဘက်က လေယာဉ်နဲ့ ၂ ကြိမ်တိုင်တိုင် စုစုပေါင်း ပျံသန်းချိန် ၂ နာရီခွဲကြာ လေကြောင်းရှာဖွေမှုတွေ လုပ်ခဲ့ပေမဲ့လည်း ဘာမှ မတွေ့ရှိခဲ့ပါဘူး။ လက်ရှိမှာတော့ မီးလောင်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
ကျွန်းပေါင်း ၁၇,၀၀၀ လောက် ပိုင်ဆိုင်ထားတဲ့ အင်ဒိုနီးရှားကျွန်းစုနိုင်ငံဟာ ပင်လယ်ရေကြောင်း လမ်းကြောင်းတွေက လေကြောင်းခရီးစဉ်တွေထက် စျေးသက်သာပြီး အလွယ်တကူ သွားလာရောက်ရှိနိုင်တာကြောင့် ကူးတို့သင်္ဘောတွေကို အဓိက သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် အကြီးအကျယ် အားထားနေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေကို အမြဲတမ်း တင်းတင်းကျပ်ကျပ် လိုက်နာလေ့ မရှိတာကြောင့် မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ ရှိပါတယ်။
Source: Reuters










