DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်တိုင်းပြည်လုံးကို ထိုးပေးမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
December 11, 2020
ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်တိုင်းပြည်လုံးကို ထိုးပေးမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာမှာ ဘယ်သူ့ကိုမှ မချန်ဘဲ တစ်တိုင်းပြည်လုံးကို ထိုးပေးမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်ညပိုင်းက နိုင်ငံပိုင် ရုပ်သံကနေ  ပြည်သူသို့ အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းမှာပြောသွားတာပါ။

“ကာကွယ်ဆေးကို တစ်တိုင်းပြည် လုံးကို ကျွန်မတို့ထိုးပေးရမှာပါ။ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမှ မကျန်ဖို့ပေါ့။ ဒါတော့ ကျွန်မတို့ရဲ့ မူပါပဲ။ ဘယ်သူ့ကိုမှ မချန်ခဲ့ဘူး။ အားလုံးကို ကျွန်မတို့ ကနေပြီးတော့  ကျန်းမာရေးအရ ကာကွယ်မှုပေးဖို့ ကျွန်မတို့ စီစဉ်ပါတယ်။ ဒါပေမဲ့ အားလုံးကို တစ်ချိန်တည်းထိုးပေး နိုင်တာတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီကာကွယ် ဆေးထိုးတဲ့အစီအစဉ် တစ်နိုင်ငံလုံးအတွက် ပြီးမြောက်အောင်လို့ဆိုရင် လနဲ့ ချီပြီးတော့ ကြာမှာပါ။ ဒါကြောင့် အခု၊ ဒီနေ့၊ မနက်ဖြန်၊ သဘက်ခါလောက်ပြီးသွားမယ်လို့ အဲဒီလိုမယူ ဆပါနဲ့။ ကျွန်မတို့ကာကွယ် ဆေးတွေဟာလည်း ဒီလတော့စပြီး ထိုးနိုင်မယ့် အခြေအနေတော့ ကျွန်မမမြင်ပါဘူး။ အဲဒီတော့ မှာထားတာ တွေရှိတယ်။ အစီအစဉ် တွေတော့လုပ် ပြီးသားပါ။ ဒါပေမဲ့ ဟိုဘက်ကလည်းရောက် လာဖို့လည်း လိုပါသေးတယ်။ အစောဆုံးတော့ ကျွန်မတို့ လုပ်ပါမယ်။ နောက်ပြီးတော့ စလုပ်ပြီးတဲ့ အချိန်က နေပြီးတော့လည်း   နောက်တွက်လိုက်မယ်ဆိုရင် လနဲ့ချီပြီးတော့ကြာမှ တစ်တိုင်းပြည်လုံးကို ပြီးသွားမှာပါ။”လို့ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို အားလုံးအတွက် လုံလောက်အောင်လို့ စီစဉ်ထားပြီး အမျိုးသားအဆင့် ကာကွယ်ဆေးထိုးတဲ့ အကြံပေးအဖွဲ့ကိုလည်း ဝါရင့်ကျန်းမာရေး ပညာရှင်ကြီးတွေနဲ့ ဖွဲ့စည်းထားကာ ကာကွယ်ဆေးတွေကို ဘယ်လိုသိုလှောင်မလဲ၊ ဘယ်လို ဖြန့်ဖြူးမလဲ၊ ဘယ်လိုထိုးပေးမလဲဆိုတဲ့အစီအစဉ်တွေလည်း လုပ်ပြီးသားဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကာကွယ်ဆေးရဖို့နဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနဲ့၊  ကာကွယ်ဆေးဆိုင်ရာ အသင်းအဖွဲ့ကြီး Gavi တို့ ပူးပေါင်းပြီးတော့ လုပ်ထားတဲ့ COVAX အစီအစဉ်မှာ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်းနဲ့ ဒီဇင်ဘာ  ၇ ရက် နေ့တုန်းက ကာကွယ်ဆေး အမှာစာလည်း ပို့ပြီးပြီလို့ဆိုပါတယ်။ 

COVAX အစီအစဉ်ကနေ ကာကွယ်ဆေး လိုသလောက် အားလုံးတော့ရမှာ မဟုတ်လို့ လုံလောက်အောင် တစ်ခြားဘက်ကနေ ဝယ်ယူသွားမယ်လို့လည်း ဆိုပါတယ်။ ဘယ်နိုင်ငံ‌ ဘယ်ကုမ္ပဏီကထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ဝယ်ယူမလဲ ဆိုတာကိုတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခြင်းမရှိပါဘူး။

လက်ရှိအချိန်မှာတော့ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူလူထုတွေကို စတင်ထိုးနှံ့ပေးနေပြီဖြစ်ပါတယ်။  ချမ်းသာတဲ့ နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို သိုလှောင်နေပြီး ဆင်းရဲတဲ့ နိုင်ငံတွေက ပြည်သူတွေဟာ ကာကွယ်ဆေး ရနိုင်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးဖွယ်ရှိတယ်လို့ ပြည်သူ့ကာကွယ်ဆေး မဟာမိတ်အဖွဲ့အစည်း People’s Vaccine Alliance  ကပြောထားပါတယ်။

အောက်စဖို့ဒ်- အက်စ်ထရာဇန်နက်ကာကုမ္ပဏီက  ကာကွယ်ဆေးရဲ့ ၆၄ ရာခိုင်နှုန်းကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ ပေးမယ်လို့ ကတိပြုထားပေမယ့်လည်း ဝင်ငွေနည်းနိုင်ငံ ၇၀ နီးပါးမှာဆိုရင် လူ ၁၀ ယောက်မှာ တစ်ယောက်သာ ကာကွယ်ဆေး ထိုးနိုင်လိမ့်မယ်လို့ People’s Vaccine Alliance က ခန့်မှန်းထားပါတယ်။

ကမ္ဘာတဝန်း ကာကွယ်ဆေးအညီအမျှ ရရှိဖို့အတွက်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHOကြိုးပမ်းနေရာမှာCOVAX  လို့ခေါ်တဲ့ ကာကွယ်ဆေး စနစ်တကျ ဖြန့်ဖြူးရေး အစီအစဉ်က ဝင်ငွေနိမ့် နိုင်ငံပေါင်း ၉၂ နိုင်ငံအကြား ကာကွယ်ဆေး အလုံးရေ သန်း ၇၀၀ ဝေငှနိုင်ဖို့  စီမံနေတယ်လို့ သိရတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံမှာ  ကာကွယ်ဆေးကို ပြည်သူတွေအားလုံးရမှာဖြစ်ပေမယ့်  ဘယ်တော့၊ ဘယ်သူတွေကို ဦးစားပေးရမလဲဆိုတာတော့ နိုင်ငံရဲ့လိုအပ်ချက်အရ လုပ်ဆောင်နိုင်တဲ့ အင်အားအရ ဆုံးဖြတ်ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နေ့စဉ်ထောင်ချီဆက်ရှိနေပြီး  ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း   ၁၀၅,၈၆၃ ယောက်၊ သေဆုံးသူ ၂,၂၂၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၄,၃၃၈  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Stay At Home မဟုတ်တဲ့ နေရာတွေမှာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုတာအပါအဝင် ဖြေလျှော့ပေးလိုရတဲ့အရာတွေကို ထပ်ပြီး ဖြေလျှော့ပေးမယ့်အကြောင်းနဲ့ ပြည်တွင်း လေကြောင်းတွေကို ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့အညီ ပျံသန်းဖို့   စတင် စီစဉ်နေပြီလို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဓာတ်ပုံ-PHOTO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013