DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၄ ဦး အဖမ်းခံရ 
DVB
·
December 11, 2020
မဲဆောက်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၄ ဦး အဖမ်းခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မနေ့က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း  ထိုင်းတာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ မြန်မာ ၁၄ ဦးကို နေရာ ၂ နေရာကနေ ဖမ်းမိခဲ့တာဖြစ်ပြီး ပထမအသုတ်  ကျား ၁ ယောက် မ ၁၀ ယောက်ကို  မဲဆောက်မြို့ မယ်ကုအုပ်စု ရပ်ကွက် ၁ ရှိ သောင်ရင်းမြစ် ကမ်းနားမှာ ဖမ်းမိတာလို့ မဲဆောက်မြို့နယ် လဝကတာဝန်ရှိသူ တစ်ဦးမှ သတင်းထောက်ကို ပြောပါတယ်။ 

နောက်တစ်သုတ်ကတော့ ကျား ၂ ဦး မ ၁ ဦး ပေါင်း ၃ ဦးရှိပြီး သူတို့ဟာ ဆိုင်ကယ်နဲ့ မဲဆောက်မြို့နယ် မယ်တော်အုပ်စု ဒွိုင်ချိုင်းကျေးရွာဘက်ကို ဝင်ရောက်လာစဉ် ဖမ်းဆီးရမိကြောင်း၊ သူတို့တွေဟာ အကောက်ခွန်မဲ့ စီးကရက် ၄၆ ကာတွန်းကိုပါ သယ်ဆောင်လာတဲ့အတွက် တရားမဝင် ဝင်ရောက်မှုအပြင် တရားမဝင်ပစ္စည်းတင်သွင်းမှုနဲ့ပါ အရေးယူခံရမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက  မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်မှုနှုန်းမြင့်မားနေလို့ ထိုင်းဘက်က တရားမဝင် ဝင်ရောက်မှုကို တင်းကြပ်စွာကာကွယ်နှိမ်နင်းပြီး ပိုတင်းကြပ်တဲ့ဥပဒေကို ထုတ်ပြန် ထားပေမယ့် တရားမဝင် ဝင်ရောက်လာသူမှာ နေ့တိုင်းနီးပါးရှိနေကြောင်း ဒီဗွီဘီကို ပြောပါတယ်။ 

“ခိုးဝင်လာသူတွေက နေ့တိုင်းလိုပါပဲ။ ၃ ယောက် မိလိုက် ၇ ယောက်မိလိုက် ၁၀ ယောက် မိလိုက်ပေါ့။ ဒီလ ၆ ရက်နေ့ကတော့ လူသယ်ပေးတဲ့ပွဲစားကိုမိတာ အယောက် ၁၀၀ လောက် မိတာနဲ့ ညီတယ်၊ ဘာလို့လဲဆို  ဝင်လာမယ့်လူစာရင်းက သူ့လက်ထဲမှာ၊ ထိုင်းဘက်က နယ်စပ် ၂၄၀၀ ကီလိုမီတာတလျှောက် လုံခြုံရေးချတယ်။ စီစီကင်မရာတပ်တယ်၊ အချက်ပြ ကိရိယာ တပ်တယ်။ ဒရုန်းတွေနဲ့ ကြည့်တယ် ၊ ဒါလောက်တောင်တင်းကြပ်တဲ့ကြား ဝင်လာကြ တာကတော့ မြန်မာပြည်ထဲမှာ နဂိုကတည်းက အလုပ်အကိုင်ရှားပါးနေတာ ကိုဗစ်-၁၉ လာတော့ ပိုဆိုးတာပေါ့၊  အလုပ်ကောင်းကောင်းမလုပ်ရဘူး။ အဲဒီတော့ ဖမ်းမယ်မှန်းသိပေမယ့် စွန့်စားပြီး ဝင်လာတယ်။ တချို့က အမ်အိုယူလက်မှတ်လုပ်ထားပြီး ထိုင်းထဲဝင်ဖို့ရက်စောင့်နေတာ၊ အဲဒီလိုစောင့်နေတုန်း ကိုဗစ်ကြောင့် အဝင်ပိတ်ထားတော့ စောင့်ရတာလည်း ၉ လလောက်ရှိပြီဆိုတော့ ရတဲ့နည်းနဲ့ ဝင်လာလိုက်တာပါဘဲ ၊ ခုလိုအဖမ်းခံရတော့ သူတို့က မိအေး ၃ ခါနာပေါ့    ”

ထိုင်းနိုင်ငံမှာ မြန်မာဘက်က ကိုဗစ်-၁၉ ကူးစက်မှုအရှိန်မြှင့်လာလို့ နယ်စပ်လုံခြုံရေး တင်းကြပ်တဲ့ကြားထဲ တာချီလိတ်မှာ အလုပ်သွားလုပ်ပြီး တရားမဝင် ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ပေါင်း ၁၀ ကျော်မှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတာတွေ့ရှိတော့ လုံခြုံရေးအရှိန်မြှင့်တင်းကြပ်တဲ့ အပြင် ပြစ်ဒဏ်တွေပါ တိုးမြှင့်လိုက်ပါတယ်။ 

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေဟာ လဝက ဥပဒေ၊ အရေးပေါ်ကာလ ကြေညာချက် ဥပ‌ဒေ၊ ကူးစက်ရောဂါကာကွယ်ရေး ဥပဒေတွေနဲ့ပါ အရေးယူခံရမှာဖြစ်ပါတယ်။ 

တရားမဝင် ဝင်ရောက်မှုမှာ နိုင်ငံခြားသားဆိုပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် ၁ သိန်းထက်မပို သတ်မှတ်ထားရာမှာ ပြီးခဲ့တဲ့ အပတ်က ပြင်ဆင်လိုက်တဲ့ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်ထိ သို့မဟုတ် ငွေဒဏ် ဘတ် ၁ သိန်းထိ ပေးဆောင်ရမယ်လို့ ဆိုပါတယ် ။

တရားမဝင် ဝင်ရောက်သူမှာ ထိုင်းနိုင်ငံသားဖြစ်ပါက ဒဏ်ငွေ ဘတ် ၂၀၀၀ ဆောင်ပြီး ၁၄ ရက် ကွာရန်တင်းဝင်ရမယ်လို့ လဝက ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး အားချ်ယွန်းကလိုင်းထောင်းန်က သတင်းထောက်တွေကို ပြောပါတယ် ။

ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေမှာတော့ မူလ ထောင်ဒဏ် ၁ နှစ် ငွေဒဏ် ဘတ် ၄ သောင်း ချ မှတ်ထားရာက ထောင်ဒဏ် ၁ နှစ် ငွေဒဏ် ၁ သိန်းထိ တိုးမြှင့်လိုက်ပါတယ်။

တရားမဝင်သူတွေ ဝင်ရောက်လာနိုင်ရေးအကူအညီပေးခြင်း ဝန်ဆောင်ခြင်းပြုက ထောင်ဒဏ် ၁၀ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ၁ သိန်းထိ ကျခံရနိုင်ပြီး တရားမဝင်သူတွေ ဖမ်းဆီးမခံရအောင် အကာအကွယ်ပေးခြင်း၊ နေထိုင်ခွင့်ပြုခြင်းရှိပါက ထောင်ဒဏ် ၁၀ နှစ်ထိ သို့မဟုတ် ငွေဒဏ် ဘတ် ၅ သောင်းထိ ကျခံရမယ်လို့ လဝက ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာဘက်ခြမ်း တာချီလိတ်ဘက်ကနေ ဝင်ရောက်လာသူတွေထဲ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၄၆ ဦးရှိကြောင်း၊ အဲဒီထဲမှာ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာသူ ၁၇ ဦး၊ တရားဝင်လမ်းကြောင်းမှ ပြန်ဝင်လာပြီး ကွာရန်တင်းစင်တာမှ စစ်ဆေးတွေ့ရှိသူ ၂၉ ဦး ရှိတယ်လို့ ချင်းရိုင်းခရိုင် ကိုဗစ် ၁၉ ကာကွယ်တားဆီးရေးကော်မတီက ယမန်နေ့သတင်းစာ ရှင်းပွဲမှာ ပြောပါတယ် ။

ဒီကနေ့မှာလည်း ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးရှိပြီး အဲဒီထဲက ၃ ဦးမှာ တာချီလိတ်ကနေ တရားဝင်လမ်းကြောင်းက ပြန်ဝင်တဲ့ ထိုင်းအမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၁ ဦး ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန သတင်းစာရှင်းပွဲမှာ ပြောပါ တယ်။ 

ကိုးကား- Ch7/Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013