
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပလီလင်းရွာက တောင်သူတွေဟာ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ဆီကို ဝယ်ယူဖို့ ရေစုပ်စက်၊ မီးစက်တွေ ကိုယ်တိုင်ယူသွားမှ ဆီထုတ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်ကတော့ ထောက်ခံစာနဲ့ ဝယ်လို့ရခဲ့ပြီး အခုတော့ ပိုပြီး တင်းကျပ်လိုက်တာ ဖြစ်ပါတယ်။
တောင်သူမဟုတ်တဲ့သူတွေကလည်း ထောက်ခံစာသုံးပြီး ဆီဝယ်ယူသွားတာတွေ ရှိလာတဲ့အတွက် တကယ် စိုက်ပျိုးရေးလုပ်နေတဲ့သူ ဟုတ်ကြောင်းပြသဖို့ စက်ပစ္စည်းတွေကို ယူလာခိုင်းတာ ဖြစ်တယ်လို့ သိရပါတယ်။
ပလီလင်းရွာ တောင်သူတယောက်က “အခုက ဆီရဖို့ဆိုတာ မလွယ်တော့ဘူး။ စက်တွေကိုယ်တိုင် ယူသွားပြမှပဲ ယုံကြည်ပြီးပေးတာ။ ဒါပေမဲ့ လယ်ထဲမှာ တနေ့တနေ့ သုံးရတဲ့ဆီပမာဏနဲ့ ပေးတဲ့ပမာဏက မကိုက်တော့ အလုပ်တွေက ဆက်တိုက် နောက်ကျနေရတယ်။ တချို့နေ့တွေဆို ဆီမရလို့ လယ်မဆင်းနိုင်တဲ့အထိ ဖြစ်လာတယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့နယ်က တခြားရွာတွေမှာတော့ လိုင်စင်ပါတဲ့ ကားတွေကိုပဲ ဆီထုတ်ပေးနေပြီး ပလီလင်းရွာနားက ဆိုင်မှာတော့ စိုက်ပျိုးရေးသုံး စက်တွေအတွက်ပါ ဆီရောင်းပေးနေတာလို့ သိရပါတယ်။
ဒါကြောင့် လိုင်စင်မဲ့ယာဉ်တွေ၊ စိုက်ပျိုးရေးသုံး စက်တွေသုံးတဲ့သူတွေကတော့ ပြင်ပဈေးကွက်ကနေ ဆီဝယ်သုံးနေရပြီး ကုန်ကျစရိတ်တွေ တက်နေတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတတောင်သူတယောက်က “တကယ်တမ်းက တောင်သူတွေက စိုက်ပျိုးရေးအတွက် မဖြစ်မနေ ဆီလိုတာပါ။ အခုလိုစနစ်ကြောင့် အချိန်လည်းကုန်၊ စရိတ်လည်း တက်လာတယ်။ ပြင်ပဈေးကွက်က ဝယ်ရတဲ့ဆီက ပိုဈေးကြီးတော့ အမြတ်တောင် မကျန်တော့ဘူး။ ဒီလိုနဲ့ ဆက်သွားရင် စိုက်ပျိုးရေးလုပ်ဖို့တောင် ခက်လာမယ်” လို့ ပြောပါတယ်။
အခုကာလဟာ တောင်ကြီးဒေသမှာ ပန်းမုန်လာ၊ ကြက်သွန်၊ ဂေါ်ဖီထုပ်၊ ဆလတ်နဲ့ စတော်ဘယ်ရီ ပျိုးပင်စိုက်နေတဲ့ရာသီ ဖြစ်လို့ ဆီလိုအပ်ချက် ပိုများနေတဲ့အချိန်လည်း ဖြစ်ပါတယ်။










