
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးကို အပြိုင်အဆိုင် စမ်းသပ် ထုတ်လုပ်နေကြဆဲပါ။
တရုတ်နိုင်ငံ စီနိုဗက်ကုမ္ပဏီထုတ် ကိုရိုနာဗက်ကာကွယ်ဆေးဟာ နောက်ပိုင်းအဆင့် လက်တွေ့ စမ်းသပ်ချက်တောင် မပြီးသေးပေမဲ့ အင်ဒိုနီးရှားနိုင်ငံဆီကို သင်္ဘောနဲ့ တင်ပို့ ရောက်ရှိ လာပြီး နောက်ထပ် ထိုးဆေးလုံးရေ ၁ ဒသမ ၈ သန်းဟာလည်း ဇန်နဝါရီလမှာ ရောက်လာ တော့မှာပါ။
အလားတူပဲ တခြား ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးအသီးသီးဟာလည်း နောက်ဆုံး အဆင့် စမ်းသပ်ချက်က ထိရောက်မှု ရှိတာကို သက်သေပြနိုင်ခဲ့ပါတယ်။
ဖှိုက်ဇာနဲ့ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီထုတ် ကာကွယ်ဆေးကတော့ အရေးပေါ် ထိုးနှံဖို့ တချို့နိုင်ငံတွေဆီက ခွင့်ပြုချက် ရခဲ့ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးတွေအကြောင်း ဘယ်လောက် အတိအကျ သိနေကြပြီလဲ ဆိုတဲ့ မေးခွန်းတွေလဲ ထွက်ပေါ် နေပါတယ်။
တရုတ်နိုင်ငံထုတ် ကိုရိုနာဗက်ကာကွယ်ဆေးဟာ အသေသတ်ပြီးသား ဗိုင်းရပ်စ် အမှုန်လေး တွေကို သုံးပြီး လူ့ ကိုယ်ခံအား စနစ်ကို ထိတွေ့စေတာဖြစ်လို့ ပြင်းထန်တဲ့ ရောဂါ တုံ့ပြန်မယ့်ဘေး မရှိပါဘူး။
ကိုရိုနာဗက်ဟာ သမားရိုးကျ ပိုဆန်ပြီး ခွေးရူးပြန်ရောဂါပိုးလို ဗိုင်းရပ်စ်တွေကို ကာကွယ်ဆေးလိုပဲ အောင်အောင်မြင်မြင် သုံးနိုင်တယ်လို့ နန်ယန်တက္ကသိုလ် တွဲဖက်ပါမောက္ခ လျို တာ့ဟိုင်က ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ အဲ့စ်ထရာဇနီကာ ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးကတော့ ချင်ပန်ဇီမျောက်တွေမှာ အအေးမိဖျားနာဖြစ်စေတဲ့ မျိုးဗီဇ ပြုပြင်ယူထား တဲ့ ဗိုင်းရပ်စ်ကို သုံးထားပါတယ်။
သူကတော့ ထိရောက်မှု ၆၂ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိရှိပြီး ထိုးဆေးတလုံးတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒေါ်လာသာ ကျသင့်ပါတယ်။
မိုဒါနာနဲ့ ဖှိုက်ဇာကာကွယ်ဆေးတွေကတော့ mRNA ကာကွယ်ဆေး အမျိုးအစားပါ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကုတ်အစိတ်အပိုင်းကို လူ့ကိုယ်ထဲ ထိုးသွင်းတဲ့နည်းနဲ့ လူ့ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပရိုတင်းကို စထုတ်ပါတယ်။
ဗိုင်းရပ်စ်ကို ထုတ်တာတော့ မဟုတ်ပါဘူး။ဒါဟာ လူ့ကိုယ်ခံအားစနစ်က ပြန်တိုက်ခိုက်ဖို့ လေ့ကျင့်ပေးရာမှာ လုံလောက်တယ်လို့ ဆိုပါတယ်။
mRNA ကာကွယ်ဆေးတွေကတော့ ကာကွယ်ဆေးပုံစံသစ်တွေဖြစ်ပြီး လူတွေမှာ သုံးပြီးသား အောင်မြင်တဲ့ ဥပမာပြစရာ မရှိသေးဘူးလို့ ပါမောက္ခ လျိုက ပြောပါတယ်။
ထိရောက်မှု ၉၅ ရာခိုင်နှုန်းစီ အသီးသီး ရှိပြီး ထိုးဆေးတလုံးတန်ဖိုးဟာ မိုဒါနာအတွက် အမေရိကန်ဒေါ်လာ ၃၃ ဒေါ်လာ ကျသင့်ပြီး ဖှိုက်ဇာအတွက် အမေရိကန်ဒေါ်လာ ၂၀ ကျသင့် ပါတယ်။
စာတမ်းတွေအရ ကိုရိုနာဗက် နဲ့ အောက်စ်ဖို့ဒ် ကာကွယ်ဆေးတွေကို ပုံမှန် ရေခဲ သေတ္တာအတွင်း အပူချိန် ၂ ကနေ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်ကြားမှာ သိုလှောင်နိုင်ပါတယ်။
ဒါပေမဲ့ mRNA နည်းကို သုံးထားတဲ့ မိုဒါနာရဲ့ ကာကွယ်ဆေးကတော့ ရေခဲမှတ် အောက် အနှုတ် ၂၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ သိုလှောင်ထားဖို့ လိုပြီး ဖှိုက်ဇာရဲ့ ကာကွယ်ဆေးက ရေခဲမှတ်အောက် အနှုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ သိုလှောင်ထားဖို့ လိုပါတယ်။










