
ဂျာမနီနိုင်ငံအနောက်ပိုင်း ဆင်းဇစ်ဂ်မြို့က ငွေစုဘဏ်ခွဲတခုမှာ ငွေသယ်ယာဉ်မောင်းတယောက် အပါအဝင် လူအတော်များများ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတယ်လို့ ဂျာမနီရဲတပ်ဖွဲ့က မေ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဘဏ်ထဲမှာ ပြစ်မှုကျူးလွန်သူရော ဓားစာခံတွေပါ အတော်များများရှိနေတယ်လို့ ယူဆရပါတယ်။ အခြေအနေက လောလောဆယ် ငြိမ်သက်နေတုန်းပဲလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။
ဂျာမန်ရဲတပ်ဖွဲ့ဟာ 'လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့်' ဘဏ်ထဲမှာ ဓားစာခံ ဘယ်လောက် ဖမ်းဆီးခံထားရတယ် ဆိုတာကို ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
လက်ရှိ ရဲတပ်ဖွဲ့က အဓိက စစ်ဆင်ရေးတခု လုပ်ဆောင်နေပါတယ်လို့ ကော့ဘ်လန့်ဇ် ရဲတပ်ဖွဲ့မှ ယွာဂန်ဖှာချင်ဂါက ပြောပါတယ်။
ရိုင်းလန်း-ပီဖှာ့ဇ်ဒေသဆိုင်ရာပြည်နယ်ရှိ မြို့လယ်ခေါင်မှာ ဒေသစံတော်ချိန် မနက် ၉ နာရီလောက်က အမျိုးသား တယောက်ဟာ ဘဏ်အပြင်ဘက်ရှိ ဝန်ထမ်း တယောက်ကို ချဉ်းကပ် ခြိမ်းခြောက်ပြီး ဘဏ်ထဲကို အတင်းဝင်ခိုင်းခဲ့တာပါ။
အခု သူတို့ ၂ ယောက်လုံး ဘဏ်ရဲ့ ငွေတိုက်ခန်းထဲမှာ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ရဲတပ်ဖွဲ့က မြို့လယ်ခေါင်တခုလုံးကို ပိတ်ဆို့ထားပြီး အထူးတပ်ဖွဲ့တွေကိုပါ ခေါ်ယူထားပါတယ်။ ပိတ်ဆို့ထားတဲ့ ဧရိယာအပြင်ဘက်က ပြည်သူတွေအတွက်တော့ အန္တရာယ်မရှိနိုင်ဘူးလို့ အာမခံ ထားပါတယ်။
ရဲပြောရေးဆိုခွင့်ရှိသူက "အခြေအနေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်" လို့ ပြောပါတယ်။
ဒါ့အပြင် တရားခံတွေဘက်က တဆင့်နားထောင်နေမှာ စိုးရိမ်တာကြောင့် သတင်းအချက်အလက် ထုတ်ပြန်တဲ့နေရာမှာ အလွန်အမင်း သတိထားပြီး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
Source:Reuters










