DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့နယ်၌ စစ်တပ်က ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက် ပြည်သူအချို့ သေဆုံး
DVB
·
August 19, 2026
ပင်လည်ဘူးမြို့နယ်၌ စစ်တပ်က ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက် ပြည်သူအချို့ သေဆုံး
1 / 4
Photo: ဒေသခံ
Donate to DVB

စစ်ကိုင်းတိုင်း၊  ပင်လည်ဘူးမြို့နယ်ရှိ ရွှေလုပ်ကွက် တနေရာကို စစ်အာဏာရှင်တပ်က ဩဂုတ် ၁၈ ရက် မနက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အနည်းဆုံး ၈ ယောက် သေဆုံး ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့ မနက် ၁၁ နာရီ ၁၁ မိနစ်က ဟုမ္မလင်းလေတပ်ကနေ  ဂျက်တိုက်လေယာဉ် တစင်း ပင်လည်ဘူးမြို့နယ်ထဲ ပျံသန်းလာသလို ၁၁ နာရီ ၁၅ မိနစ်မှာ ဟုမ္မလင်းလေတပ်ကနေ တက်လာတဲ့  ၂ စင်းမြောက် ဂျက်တိုက်လေယာဉ် ပျံဝဲလာတယ်လို့ လေကြောင်းသတိပေး ဆက်သွယ်ရေးစ ကားပြောစက်ကနေ သိရတယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး ပရဟိတသမားတယောက်က ပြောပါတယ်။ 

“အခု ကြဲချသွားတာက ကျနော်တို့ ပင်လည်ဘူးမြို့နယ် မြောက်ခြမ်း မိုင်းတုံးတာကြီးကျေးရွာအနီးက ရွှေတူးဖော်ရေး လုပ်ကိုင်နေသူတွေကို ဗုံးကြဲချသွားတာဗျ။ အခု‌ကတော့ အလောင်း ၄ လောင်းတော့ တွေ့ထားတယ်။ အမျိုးသမီးပါ။ အ‌‌လောင်းရဲ့ အသားစတွေ ပြန့်ကြဲဖြစ်နေတဲ့ အလောင်းတွေလည်း တွေ့ရတယ်။ ကျ‌နော်တို့ ကနဦး စာရင်းရထားတာက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အလောင်းတွေ့တာက ၄ ဦးနဲ့ ပျောက်ဆုံးသူ ၄ ဦး စုစုပေါင်း ၈ ဦးအထိ ရှိတယ်။ ကလေးငယ်တွေလည်း ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်ဗျ။”

အခု စစ်တပ် ဗုံးကြဲချတဲ့ နေရာဟာ ပင်လည်ဘူးမြို့နဲ့ ၁၆ မိုင်ခန့် ကွာဝေးတဲ့နေရာဖြစ်ပြီး ဒေသခံ အများစု ရွှေတူးဖော်ရာလုပ်ကွက် ဖြစ်ပါတယ်။

ပင်လည်ဘူးမြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “ဩဂုတ် ၁၅ ရက်နေ့က ကင်းပန်းရွာကို လေယာဉ် ၃ စီးနဲ့ ကြဲချတယ်။ ၁၇ ရက်မှာလည်း ပင်လည်ဘူးနယ် မြောက်ခြမ်းရှိ မံစီရွာဆေးရုံ၊ လက်ဆည်ကန်၊ မြေသာရွာနဲ့ မြစေတီရွာတွေကိုလည်း ဗုံးကြဲချတယ်။ ၁၈ ရက်နေ့လည်း ထပ်မံ ကြဲချတယ်။ စစ်တပ်က ဘာကြောင့် အခုလို ကြဲချတယ် ဆိုတာကတော့ အတိအကျ မပြောနိုင်ပါဘူး။ ရန်သူက ရန်သူအလုပ်ကို လုပ်တာလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

‌‌‌‌‌‌‌‌‌‌စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးရဲ့ တပည့် ၂ ယောက် ဖြစ်တဲ့ သခင်ဒေါင်းညိုနဲ့ တကိုယ်တော်သုဘရာဇာတို့ဟာ ဩဂုတ် ၁၄ ရက်က ပင်လည်ဘူး မြို့နယ်အတွင်း တနေရာမှာ ဆေးကုသမှုခံယူနေရာက ထွက်ပြေးသွားပြီး စစ်တပ်ထံ သတင်းပို့တာ ကြောင့် အခုလို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဖြစ်သလို သခင်ဒေါင်းညိုနဲ့ သုဘရာဇာတို့ဟာ ကော်လင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ထံ အညံ့ခံသွားပြီ ဖြစ်တယ်လို့လည်း တော်လှန်ရေးအင်အားစုဘက်က ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013