DVB Logo
Home
Lead Story
TNLA နှင့် RCSS/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့်အပေါ်- မေးမြန်းချက်
DVB
·
December 8, 2020
TNLA နှင့် RCSS/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့်အပေါ်- မေးမြန်းချက်
1 / 2
Donate to DVB

အန်စီအေ အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့  အန်စီအေလက်မှတ်မထိုးရသေးတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တို့အကြား ဒီဇင်ဘာ ၇ ရက်  မနက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။ 

ဒီလိုနှစ်ဖက်တပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RCSS/SSA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး -  RCSS/SSA  နဲ့  TNLA တို့ မနေ့က ထိတွေ့ပစ်ခတ်မှုတွေရှိတယ်လို့ သိရပါတယ်။ အဲဒါက ရှမ်းပြည်နယ်ရဲ့  ဘယ်နေရာတွေမှာ ဖြစ်နေတာပါလဲ။

ဖြေ - “ နမ္မတူမြို့နယ် မံစံကျေးရွာအုပ်စု ပန်တောင်းတံတားအနီးတဝိုက်မှာပါ။”

မေး - ပစ်ခတ်တိုက်ခိုက်မှုတွေက  ဘယ်ချိန်မှာစဖြစ်တာပါလဲ။ နှစ်ဘက်ထိခိုက်ဒဏ်ရာရတာရော ရှိပါသလား။

ဖြေ - “မနေ့မနက် ၈ နာရီကနေ နေ့လည် ၁၂ နာရီလောက်ပါ။ ဆက်တိုက်ပစ်ခတ်တာတော့ မဟုတ်ပါဘူး။ ဟိုဘက်ကပစ်လိုက် ဒီဘက်ကပြန်ပစ်လိုက်နဲ့ ခဏပါပဲ။ ၃ ကြိမ်လောက်တော့ ပစ်ခတ်ကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတော့ မသိရသေးပါဘူး။”

မေး -  ဒီကနေ့ ( ဒီဇင်ဘာ ၈ ရက် ) မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်သေးလား။ နောက်ဆုံးအခြေအနေကော ဘယ်လိုရှိပါသလဲ။

ဖြေ  - “ဒီနေ့တော့ ပစ်ခတ်မှုမရှိသေးပါဘူး။ ဒါပေမဲ့ နှစ်ဘက်စလုံး ဘယ်ဘက်ကမှ မဆုတ်ပါဘူး။ ကျနော်တို့လည်း အဲဒီနေရာမှာပဲ နေမြဲအတိုင်း နေနေပါတယ်။”

မေး -  တကယ်လို့ ပစ်ခတ်မှုပြန်ဖြစ်ရင် အနီးနားရွာသားတွေပေါ်ထိခိုက်မှုရှိနိုင်မလား။

ဖြေ - “ပစ်ခတ်မှု ဖြစ်တဲ့နေရာက ရွာနဲ့တော့ဝေးပါတယ်။ အသံတွေကြားပြီး သူတို့ထိတ်လန့်ရင်တော့ မပြောတတ်ဘူးပေါ့။  ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ထိတွေ့မှုမဖြစ်အောင် ရှောင်ပါတယ်။”

မေး - ဒီပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းက ဘာပါလဲ။ ဘယ်လိုကနေ ဘယ်လိုစဖြစ်ရတာပါလဲ။

ဖြေ - “ဒါကတော့ ကျနော်တို့ရှိရာဘက်ကို TNLA ဘက်က အရင်ဝင်ပစ်တာပါ။ သူတို့အင်အားက ၁၀၀ လောက်ရှိမယ်ထင်တယ်”

မေး - အခုတိုက်ပွဲဖြစ်ပွားတဲ့ အဲဒီနယ်မြေတွေက ဘယ်အဖွဲ့ထိန်းချုပ်နယ်မြေတွေလဲ။

ဖြေ - “ကျနော်တို့ တပ်ဖွဲ့တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက လှုပ်ရှားသွားလာခဲ့တဲ့နယ်မြေတွေပါ။ အရင်ဆုံးက MTA ပေါ့ / MTA  ကွဲပြီးတော့  SSNA ( Shan State National Army ) အနေနဲ့လှုပ်ရှားတယ်။  အခုနောက်ပိုင်း RCSS ဖွဲ့တော့ SSNA အနေနဲ့ မဟုတ်တော့ဘဲ RCSS နဲ့ အနေနဲ့ လှုပ်ရှားတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က TNLA မရှိပါဘူး။ သူတို့က ၂၀၁၂ ကမှ လှုပ်ရှားလာတယ်။”

“နယ်မြေကျော်တယ်ဆိုပြီး စပစ်ရာက ပြဿနာဖြစ်လာ တာပါပဲ။ ကျနော်တို့ အဓိကပြောချင်တာကတော့ ဒီနယ်မြေထဲမှာ ရှမ်းရော ပလောင်ရော တခြားတိုင်းရင်းသားတွေပါ အတူနေထိုင်ကြတယ်။  အတူတူငြိမ်းချမ်းစွာ နေကြဖို့ အတွက်  လက်နက်နဲ့မဖြေရှင်းဘဲ  အထက်ခေါင်းဆောင်တွေအချင်းချင်း ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းလို ပါတယ်။”

မေး - ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး  နှစ်ဖက်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူအချင်းချင်း ဆက်သွယ်တာတွေ ၊ ညှိနှိုင်းဆွေးနွေးတာတွေ ရှိပါသလား။

ဖြေ - “ဒီတခေါက်ပစ်ခတ်မှုနဲ့ပတ်သက်လို့တော့ ဆက်သွယ်တာမရှိပါဘူး။ ဒါပေမဲ့ ဒီမတိုင် ခင် အရင်ထိတွေ့မှုတွေ ခဏခဏဖြစ်ခဲ့တုန်းက လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က  တွေ့ဆုံဆွေးနွေးဖို့ RCSS ဘက်ကနေကမ်းလှမ်းခဲ့တယ်။  ဒါပေမဲ့  TNLA ဘက်က သိပ်စိတ်ဝင်စားဟန်မပြဘူး ဟိုချိန်းဒီချိန်းနဲ့ အခုထက်ထိ မတွေ့ ဆုံဖြစ်ပါဘူးခင်ဗျာ။”

မေး - တကယ်လို့  နှစ်ဖက်တပ်တွေ ဆွေးနွေးညှိနှိုင်းမှုတွေရှိလာရင် လက်နက်ကိုင် ပဋိပက္ခ ပြေလည်မလား။ ဒါမှမဟုတ် သူ့နယ်မြေ ကိုယ့်နယ်မြေ ကန့်သတ်တာတွေ ရှိနိုင်မလား။

ဖြေ - “အဲဒါကတော့ ပြောလို့မရပါဘူးခင်ဗျ။ ကျနော့် အနေနဲ့ပြောရရင်တော့ ရှမ်းရွာမှာလည်း ပလောင်တွေနေတယ်။ ပလောင်ရွာမှာလည်း ရှမ်းတွေနေတယ်။ တခြားတိုင်းရင်း သားတွေလည်း အတူနေကြတယ်။ သူ့နယ်မြေ ကိုယ့်နယ်မြေမခွဲခြားဘဲ  အတူတကွ  ငြိမ်း ချမ်းစွာနေထိုင်ရေးကိုပဲ လိုလားပါတယ်။  ကျနော်တို့ တိုင်းရင်းသားတွေဟာ ဒီမြေပေါ်မှာ ဟိုး ရှေး နှစ်ပေါင်းများစွာကတည်းက အတူနေလာခဲ့ကြတယ်။  နောက်နောင်လည်း အတူတကွ နေထိုင်သွားကြရမှာပဲ။  အခုလို လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်နေမယ့်အစား ရေရှည်ကို မျှော်တွေးပြီး တွေ့ဆုံဆွေးနွေးတာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်ခင်ဗျ။”

ဖြေ - ဟုတ်ကဲ့ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ။

 

Photo-DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013