
မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅ ဦး တွေ့ရှိပြီး လူနာ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဒီနေ့ နေ့လယ်မှာ ထုတ်ပြန်ပါတယ်။
ထပ်တိုးလူနာ ၅ ဦးကတော့ RDT Test Kit စစ်ဆေးရာမှ တွေ့ရှိခဲ့တာဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိခဲ့တဲ့ မကွေးမြို့နယ်က လူနာ ၄ ဦးနဲ့ မင်းလှမြို့နယ်က ယာဉ်နောက်လိုက် ၁ ဦးတို့ ဖြစ်ပါတယ်။
သေဆုံသွားသူကတော့ အောင်လံမြို့နယ် အသက် ၅၈ နှစ်အရွယ် ကင်ဆာရောဂါအခံရှိသူ ကိုဗစ်လူနာ အမျိုးသားဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်းအတွင်း မြို့နယ်တွေမှာ အနံ့ပျောက်သူတွေ တဖြည်းဖြည်းပိုတွေ့လာနေကာ အနံ့ပျောက်ပြီး စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၈၂ ဦးရှိပြီလို့ သိရပါတယ်။
မကွေးတိုင်းမှာ ဒီနေ့ နေ့လယ်အထိ ကိုဗစ်ပိုးတွေ့ ၁,၅၅၈ ဦး၊ သေဆုံးသူ ၄ ဦးနဲ့ ဆေးရုံတွေမှာ လက်ရှိ ကုသမှုခံယူနေသူ ၂၃၄ ဦးရှိတယ်လို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ကူးစက်ခံရတာ အယောက် ၃၀ အထိရှိပြီလို့ ဆိုပါတယ်။
RDT Test Kit နဲ့ စစ်ဆေးပြီး ပိုးတွေ့သူ ၃၄၈ ဦးအနက် ယာဥ်မောင်း ၈၄ ဦးနဲ့ ယာဥ်နောက်လိုက် ၁၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒေသတွင်းကူးစက်ဖြစ်နိုင်ခြေကို အတိုင်းအတာတခုအထိ ဖြတ်တောက် ဖြေရှင်းနိုင်ဖို့ မြို့နယ်အချို့မှာ ရက်ကွက်အလိုက်၊ ရွာအလိုက် အသွားအလာကန့်သတ် Stay at home အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။










