
အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့် တက်နေတဲ့ ရေနံဈေးနှုန်းတွေကို ပြန်လျှော့ချဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပင်လယ်ပြင်မှာရှိတဲ့ အီရန်ရေနံ တွေကို ဝယ်ယူခွင့်အပေါ် ပိတ်ဆို့အရေးယူထားတာကို မတ် ၂၀ ရက်ကစပြီး ရက်ပေါင်း ၃၀ ကြာ ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။
ဒီကင်းလွတ်ခွင့်ကြောင့် ကမ္ဘာ့ဈေးကွက်ထဲကို ရေနံစည်ပေါင်း ၁၄၀ သန်းလောက် ရောက်လာမှာ ဖြစ်ပြီး စွမ်းအင်လိုအပ်ချက် ဖိအားတွေကို သက်သာစေလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘတ်ဆန့်က X မှာ ရေးသားခဲ့ပါတယ်။
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်မှု ၃ ပတ်နီးပါး ကြာလာပြီးနောက်မှာ ရေနံဈေးတွေ အဆမတန် တက်လာခဲ့တာကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူလူထုအပေါ် ထိခိုက်မှာကို အိမ်ဖြူတော်ဘက်က စိုးရိမ်နေတယ်ဆိုတာကို ပြသနေပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ရီပတ်ဘလီကန်ပါတီဟာ လွှတ်တော်ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ထားကြတဲ့ လာမဲ့နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အခုလို ရေနံဝယ်ယူခွင့် ပြန်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဒီအတောအတွင်း အရှေ့အလယ်ပိုင်းမှာ ထောင်နဲ့ချီတဲ့ မရိန်းတပ်သားတွေနဲ့ ကုန်းရေနှစ်သွယ် သွားနိုင်တဲ့ တိုက်ရေယာဉ်တွေကို စေလွှတ်နေတယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။
နေတိုးမဟာမိတ်တွေဟာ ဟောမုဇ်ရေလက်ကြားမှာ တပ်ဆွဲဖို့ အကူအညီတောင်းခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သဘောမတူခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲဘောကြောင်သူ တွေလို့ စွပ်စွဲခဲ့ပါတယ်။
အီရန်မှာ စစ်ပွဲတွေ စတင်ချိန်ကစပြီး ဟောမုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ဖြတ်သန်းမရဘဲ လောင်စာဈေး ၅၀ ရာခိုင်နှုန်းခုန်တက်သွားတာဖြစ်ပါတယ်။
ကမ္ဘာ့လောင်စာဈေးနှုန်း မြင့်တက်လာတာကြောင့် အီရန်ကို စီးပွားရေးပိတ်ဆို့ထားမှုကို အမေရိကန် က ဖြေလျှော့ပေးခဲ့ပြီး စည်သန်း ၁၄၀ ရောင်းချဖို့ ခွင့်ပြုခဲ့ကာ ရုရှားအပေါ် ပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးခဲ့ရပါတယ်။
အီရန်စစ်ပွဲစကတည်းက သေဆုံးသူ လူ ၂,၀၀၀ ကျော်ရှိလာပြီး အီရန်၊ လက်ဘနွန်နိုင်ငံတို့က အများဆုံး သေဆုံးတာဖြစ်ပါတယ်။
အမေရိကန်ပြည်သူတွေကတော့ စစ်ပွဲကြာရှည်မှာကို စိုးရိမ်နေပြီး ရိုက်တာရဲ့ စစ်တမ်းတွေအရ အီရန်ကို ခြေလျင်တပ်တွေ စေလွှတ်မှာကို ထောက်ခံသူ ၇ ရာခိုင်နှုန်း ရှိပြီး စိုးရိမ်နေတယ်လို့ သိရပါတယ်။
သောကြာနေ့ကတော့ အစ္စရေးဟာ အီရန်အလယ်ပိုင်းနဲ့ တီဟီရန်ကို ကြီးမားတဲ့လေကြောင်း စစ်ဆင်မှု ၂ ခု လုပ်ခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးဟာ အီရန်ရဲ့ လက်နက်ထုတ်လုပ်တဲ့စက်ရုံတွေနဲ့ ဘော်လစ်စတစ်ဒုံးတွေ သိုလှောင်တဲ့နေရာ တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တဲယ်လ်အဗစ်နဲ့ ဂျေရုစလင်တို့မှာလည်း အီရန် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source: Reuters










